Talksport ရဲ့ သတင်း သုံးသပ်သူ တစ်ဦးဖြစ်တဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အဘွန်လဟော် က ခရစ္စတီယာနို ရော်နယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ အားလပ်ရက်တွေ ကုန်ဆုံးဖို့ ရောက်လာတာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2021 – 2022 ဘောလုံး ရာသီကို စတင်ပုံ အတော်အသင့် ကောင်းခဲ့ပေမဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် 4 ပွဲ မှာတော့ 3 ပွဲ အထိ အရှုံး ရလဒ် ထွက်ပေါ်ခဲ့ သလို ကာရာဘောင် ဖလား ပြိုင်ပွဲမှလည်း ထွက်ခွာခဲ့ရ ပါတယ် ။
အခြားတဖက်မှာတော့ နွေဈေးကွက် အတွင်း ဂျေဒန် ဆန်ချို ၊ ရာဖေးလ် ဗာရန်း နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့လို ကစားသမားတွေကို ခေါ်ယူခဲ့တဲ့နောက် ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာလည်း ဆုဖလားတွေ ဆွတ်ခူးပေးနိုင်ရေး ဖိအားတွေအောက် ကျရောက်ခဲ့ရ ပါတယ် ။
လက်ရှိ အချိန် အထိတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ရော်နယ်ဒို နဲ့ ဗာရန်း တို့ဟာ ပုံစံကောင်း တွေကို ဆက်တိုက် ပြသထားနိုင်ခဲ့ကြပေမဲ့ ဂျေဒန် ဆန်ချို ကတော့ ပွဲထွက် ကစားခွင့် ပျောက်ဆုံးတဲ့ အထိ ရုန်းကန်နေခဲ့ရ ပါတယ် ။
ဘယ်လိုပဲ ဖြစ်နေပါစေ ၊ အသင်းမှာ ခရစ္စတီယာနို ရော်နယ်ဒိုလို ကစားသမားမျိုးကို ပိုင်ဆိုင်ထားရင်တော့ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ လုပ်ဆောင်ရမှာ အသေအချာပါပဲ ။ အခြားတဖက်မှာတော့ ပရိသတ်တွေ ကလည်း ဆုဖလား ပြန်လည် ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ချက် အကြီးကြီး ထားရှိနေတာ အားလုံး အသိပဲ ဖြစ်ပါတယ် ။
အခုတော့ အက်စတွန် ဗီလာ အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပြီးနောက် အဘွန်လဟော် က ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် 4 – 5 ရာသီထိ ကစားပေးဖို့ ရောက်လာသူ မဟုတ်တဲ့ အတွက် အသင်း အနေနဲ့ ဆုဖလား အမြန် ဆွတ်ခူးဖို့ လိုအပ်နေတယ်လို့ တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။
” ရော်နယ်ဒိုဟာ 3 ရာသီ ၊ 4 ရာသီ ၊ 5 ရာသီလောက်ထိ ကစားပေးဖို့ ဒီမှာ ရှိနေတာ မဟုတ်ပါဘူး ။ သူဟာ အားလပ်ရက်တွေ ကုန်ဆုံးဖို့ အတွက်လည်း ဒီကို ရောက်လာတာ မဟုတ်ပါဘူး ။ သူဟာ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ အတွက် ဒီကို ရောက်လာခဲ့တာပါ ”
” သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးဖို့ ၊ အမှတ်ပေး ဖလား တွေကို ဆွတ်ခူးနိုင်ဖို့ ရောက်လာခဲ့သူ တစ်ဦးပါ ။ ဒါ့ကြောင့် ယူနိုက်တက်တို့ ဒီကာလအတွင်း ဖလား ဆွတ်ခူးနိုင်အောင် အားထုတ်ရပါ့မယ် ”