ဘာစီလိုနာအသင်းသည် လာလီဂါ ရုပ်သံမူပိုင်ခွင့် ၁၀ ရာခိုင်နှုန်း ရောင်းချခဲ့ပြီးနောက် စျေးကွက်အတွင်း အပြောင်းအရွှေ့ ကြိုးပမ်းမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းအနေဖြင့် ဘဏ္ဍာရေးပြဿနာများကို ဖြေရှင်းရန်အတွက် လာလီဂါပြိုင်ပွဲ၏ ရုပ်သံထုတ်လွှင့်မှုမူပိုင်ခွင့် ၁၀ ရာခိုင်နှုန်းကို အမေရိကန်အခြေစိုက် Sixth Street ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီထံ ရောင်းချလိုက်ပြီဖြစ်ကြောင်း ကြာသပတေးနေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။ ယင်းသဘောတူညီမှုအရ ဘာစီလိုနာအသင်းအနေဖြင့် Sixth Street ကုမ္ပဏီနှင့် ၂၅ နှစ်စာချုပ် ချုပ်ဆိုထားပြီး ယူရို ၂၀၇ ဒသမ ၅ သန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ ဇွန် ၃၀ ရက်တွင်ပြီးဆုံးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ်အတွက် အမြတ်ရရှိမည်ဖြစ်ပြီး သုံးနှစ်ဆက်တိုက် အရှုံးပေါ်မည့်အခြေအနေကို ကျော်လွှားနိုင်မည်ဖြစ်သည်။ ဘာစီလိုနာ အသင်းသည် လာလီဂါ၏ ငွေကြေးသုံးစွဲမှု ကန့်သတ်ထိန်းချုပ်သည့် စည်းမျဉ်းကြောင့် ဘဏ္ဍာရေးအခက်အခဲအပြင် ကစားသမားများအား လစာလျှော့ချခြင်း၊ စာချုပ်သစ်ချုပ်ဆိုခြင်းအပြင် ကစားသမားသစ်ခေါ်ယူခြင်းအတွက် အကျပ်အတည်းများ ရင်ဆိုင်နေရသည်။
ယခုစာချုပ်မှာ ဘာစီလိုနာအသင်း အတွက် အသက်ရှူချောင်စေမည်ဖြစ်သလို ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် BLM(Barca Licensing & Merchandsing) ၏ ရှယ်ယာ ၄၉ ဒသမ ၉ ရာခိုင်နှုန်းကိုလည်း ဆက်လက်ရောင်းချရန် ဆွေးနွေးလျက်ရှိသည်။
ဘာစီလိုနာအသင်းသည် ရုပ်သံထုတ်လွှင့်မှုမူပိုင်ခွင့် ရောင်းချပြီးနောက် အပြောင်းအရွှေ့စျေးကွက်အတွင်း စတင်လှုပ်ရှားနေပြီဖြစ်ပြီး အဓိကပစ်မှတ်ဖြစ်သည့် ဘိုင်ယန်မြူး နစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူနိုင်ရန် ဆက်လက်ကြိုးပမ်းနေသလို လိဒ်စ်အသင်း တောင်ပံကစားသမား ရာဖင်ညာကိုလည်း အာဆင်နယ်၊ ချယ်လ်ဆီးတို့နှင့်အပြိုင် ကမ်းလှမ်းမှုထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဘာစီလိုနာအသင်းသည် မန်စီးတီးအသင်းကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗား၊ ဆီဗီလာအသင်းနောက်ခံလူ ခွန်ဒဲ၊ ချယ်လ်ဆီးအသင်းနောက်ခံလူ အလွန်ဆိုနှင့် အက်ဇ်ပီလီကွယ်တာတို့ကိုလည်း ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။