ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ် ရီးယဲလ်မက်ဒရစ်(၃-၁) လီဗာပူးလ်ပွဲတွင် ကွင်းလယ်ဒိုင်အဖြစ်တာဝန်ယူခဲ့သော ဂျာမန်ဒိုင်လူကြီး ဖေးလစ်ဘရစ်ချ်သည် ဆုံးဖြတ်ချက်များကို ပုဂ္ဂိုလ်ရေးဆန်ဆန် လိုသလိုချမှတ်ခဲ့သည်ဟု လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က စွပ်စွဲပြောကြားခဲ့သည်။
ယင်းပွဲတွင် လီဗာပူးလ်အသင်း(၀-၁)ဂိုးဖြင့် ရှုံးနိမ့်နေချိန် ပွဲချိန်(၃၅)မိနစ်၌ ဖြစ်ပွားခဲ့သောဖြစ်ရပ်အတွက် ဒိုင်လူကြီး ဖေးလစ်ဘရစ်ချ်အား ယာဂန်ကလော့ပ်က စိတ်ဆိုးဒေါသထွက်နေခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဒုတိယဂိုးကို တိုက်စစ်မှူး အဆန်စီယို မသွင်းယူမီ စက္ကန့်ပိုင်းတွင် ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး လီဗာပူးလ်အသင်းမှာ ချေပဂိုးရမည့်အခွင့်အရေး ဆုံးရှုံးခဲ့ရုံမက ပြိုင်ဘက်အသင်းကို နောက်ထပ်တစ်ဂိုးပေးခဲ့ရသည်။
ပွဲချိန်(၃၅)မိနစ်တွင် လီဗာပူးလ်ညာနောက်ခံလူ အာနိုးလ် ကန်တင်လိုက်သည့် အဝေးဘောကို ရှေ့တန်းမှတိုက်စစ်မှူး မာနေက ရယူရန်ကြိုးစားရာတွင် ရီးယဲလ်ကွင်းလယ်လူ ဗက်ဇ်ကေးက လူချင်းတိုက်ကာ မာနေကို လဲကျအောင်ပြုလုပ်ခဲ့သည်။
ရီးယဲလ်ပယ်နယ်တီစည်းရှေ့တွင် ဖြစ်ပွားခဲ့သော ယင်းဖြစ်ရပ်၌ ဒိုင်လူကြီးသည် နောက်ဆုံးနောက်ခံလူဖြစ်ခဲ့သော ဗက်ဇ်ကေးကို အရေးယူကာ လီဗာပူးလ်အသင်းဘက်သို့ ပြစ်ဒဏ်ဘောပေးသင့်သော်လည်း ယင်းပြစ်ဒဏ်ကျူးလွန်မှုအား အသိအမှတ်မပြုဘဲ ပွဲဆက်ကစားရန်သာ အချက်ပြခဲ့သည်။
ယင်းကဲ့သို့ မာနေ လဲကျပြီး နောက်ထပ် (၂၇)စက္ကန့်အကြာတွင် အဆန်စီယိုက ရီးယဲလ်အသင်းအတွက် ဒုတိယဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
ပွဲအပြီးတွင် မကျေမနပ်ဖြစ်နေသာ ယာဂန်ကလော့ပ်က ယင်းဖြစ်ရပ်ကို ပြန်လည်ရည်ညွှန်းပြောကြားပြီး ဒိုင်လူကြီးကို ဝေဖန်ခဲ့သည်။
”ဆာဒီယို (မာနေ)လဲကျခဲ့တဲ့ဖြစ်ရပ်ကို ပြန်ကြည့်ပါဦး။ ဒိုင်လူကြီး ဘယ်လိုဆုံးဖြတ်သွားသလဲ ကျွန်တော် မသိတော့ပါဘူး။ ဒါဟာ အလွန်ကို ပုဂ္ဂိုလ်ရေးဆန်တဲ့ ဆုံးဖြတ်ချက်တစ်ခုလို့မြင်ပါတယ်။ ပွဲအပြီးမှာ ကျွန်တော် သူ့ကိုဒီကိစ္စနဲ့ပတ်သက်ပြီးပြောခဲ့ပါသေးတယ်။ ဒါဟာ ဆာဒီယိုအတွက် မမျှတတဲ့ဆုံးဖြတ်ချက်တစ်ခုလို့ ထင်မြင်ကြောင်း ကျွန်တော်ပြောခဲ့ပါတယ်”ဟု ကလော့ပ်က ပြောကြားခဲ့သည်။
ယင်းပွဲကို BT Sports ရုပ်သံတွင် ဝေဖန်သုံးသပ်နေသော လီဗာပူးလ်တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်ကလည်း ယင်းဖြစ်ရပ်မှာ ရာနှုန်းပြည့်ပြစ်ဒဏ်ဘောဖြစ်ကြောင်း၊ လီဗာပူးလ်အသင်းအနေဖြင့် ပြစ်ဒဏ်ဘော မရရှိသည့်အပြင် ချက်ချင်းဆိုသလို နောက်ထပ်တစ်ဂိုးပေးခဲ့ရခြင်းအတွက် လီဗာပူးလ်ကစားသမားများ အလွန်နာကျင်ခံစားရမည်မှာသေချာကြောင်း ပြောကြားပြီး ဒိုင်လူကြီး၏ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့သည်။
လီဗာပူးလ်အသင်းသည် ၂၀၁၇-၁၈ ဘောလုံးရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲရလဒ်အတိုင်း ရီးယဲလ်အသင်းကို ပထမအကျော့၌ အရှုံးပေးခဲ့ရခြင်းလည်းဖြစ်သည်။