ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ လက်ရှိ မန်စီးတီး အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံ ကစားခဲ့ရာ ၊ ဘရာဇီး တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုစ်ရဲ့ တလုံးတည်းသော သွင်းဂိုးကြောင့် ဒီရာသီ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီ ဖြစ်ပါတယ် ။
ရှုံးပွဲထက် ချဲလ်ဆီး ကို နစ်နာစေခဲ့တဲ့ နောက်ထပ် အရာ တခု က အားထားရတဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ပထမပိုင်း နာရီဝက် အတွင်း ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့ခြင်း ဖြစ်ပါတယ် ။ ၎င်းဟာ မန်စီးတီး တောင်ပံ ကစားသမား ဂျက်ဂရီးလစ်ရှ်နဲ့ မတော်တဆ ထိခိုက်မိခဲ့ပြီး ၊ ရှေ့ဆက် မကစားနိုင်တော့တဲ့ အတွက် ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားနဲ့ လူစားလဲခံခဲ့ရပါတယ် ။
ရိစ်ဂျိမ်းစ် ဒဏ်ရာ ရခဲ့ပြီးနောက် ၊ ချဲလ်ဆီးရဲ့ ညာခြမ်း ခံစစ် ကျစ်လျစ်မှု က သိသိသာသာ လျော့ကျခဲ့ရသလို ၊ တိုက်စစ်ဖွင့်ဖို့ လိုအပ်ချိန်မှာ ညာခြမ်းက ဖန်တီးမှုတွေ တော်ရုံ မမြင်ခဲ့ရတော့ပါဘူး ။ လာမယ့် ဗုဒ္ဓဟူးနေ့မှာလည်း ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲ အဖြစ် တူရင်မြေမှာ ယူဗင်တပ် အသင်းကို သွားရောက် ရင်ဆိုင်ရမယ့် ချဲလ်ဆီး အဖို့ ရိစ်ဂျိမ်းစ်ကို ဒဏ်ရာကြောင့် ဆုံးရှုံးရပါတော့မယ် ။
ပွဲပြီး အင်တာဗျူး တခုမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ရိစ်ဂျိမ်းစ်ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ” လောလောဆယ်မှာ ကျွန်တော် ရိစ် ရဲ့ ဒဏ်ရာ အကြောင်း သေသေချာချာ မသိသေးပါဘူး ။ သူ့ရဲ့ ခြေကျင်းဝတ် အဆစ်လည်ခဲ့ပြီး ၊ ဒါဟာ သူ့အဖို့ အတော်လေး နာကျင် ခံစားခဲ့ရမှာပါ ။ ”
” တခြား သူနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး သတင်း ပေးစရာတော့ မရှိသေးပါဘူး ။ ဒါပေမယ့် လာမယ့် ရက်အနည်းငယ်မှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာပဲ ဆက်စောင့်ကြည့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ဒါဟာ တူချယ် အတွက် ပက်ဂွာဒီယိုလာကို ပရီးမီးယားလိဂ် မှာ ပထမဆုံး ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပါတယ် ။
ဒီပွဲမတိုင်ခင် နောက်ဆုံး ၃ပွဲဆက် ပက် ကို အနိုင်ရခဲ့ပေမယ့် ၊ တူချယ် ဟာ မနေ့ည က ပွဲမှာ နည်းစနစ် ပြောင်းလဲမှု အနည်းငယ် လုပ်ခဲ့သလို ၊ ပထမပိုင်း အတွင်း ခံစစ်ကိုချည်း အာရုံစိုက်ခဲ့ပြီး ၊ တန်ပြန် တိုက်စစ် ပံ့ပိုးမှု မလုပ်နိုင်ခဲ့တာကြောင့် ယင်းအကျိုးဆက် အဖြစ် ရှုံးပွဲ ကြုံတွေ့သွားခဲ့တာ ဖြစ်ပါတယ် ။
ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ တူချယ် က ၎င်းတို့ဟာ မန်စီးတီးရဲ့ pressing ကနေ မလွတ်မြောက်နိုင်ခဲ့ကြောင်းကို ” ဟုတ်ပါတယ် ။ ဒါဟာ ခင်ဗျားတို့ ပြောနေကြသလို ၊ အရင် ၉လ အတွင်း က ချဲလ်ဆီးနဲ့ မတူတာ သေချာပါတယ် ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ဟာ နောက်ဆုံး မိနစ် ၂၀စာပဲ ကစားပုံ ကောင်းခဲ့တာပါ ။ ”
” ဒီနေ့ပွဲရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည် ဟာ ပြိုင်ဖက်က စေခိုင်းခဲ့တာကလည်း တစိတ်တပိုင်း သက်ဆိုင်မယ်လို့ ထင်ပါတယ် ။ သူတို့ဟာ ပိုပြီး ထက်မြက်မှု ရှိခဲ့တယ် ၊ ပိုပြီး အင်အား တောင့်တင်းခဲ့တယ် ၊ ပိုပြီး တိကျမှု ရှိခဲ့ပါတယ် ။ ဒီပွဲမှာ ကျွန်တော်တို့ဖက်က ပြိုင်ဖက်ရဲ့ ကျော့ကွင်းအောက်က လွတ်ထွက်ဖို့ ယုံကြည်မှု ပျောက်ဆုံးခဲ့တယ်လို့ ခံစားခဲ့ရပါတယ် ။ ”
” အမှား တခု လုပ်လိုက်တိုင်းမှာ ယုံကြည်မှု က ပိုပိုပြီး ကျဆင်းခဲ့ပါတယ် ။ ဒါမျိုး က ဖြစ်တတ်ပါတယ် ။ အဆုံးမှာ ကျွန်တော်တို့ဟာ ခံစစ် ကစားပုံ ကောင်းခဲ့သည့်တိုင် ၊ ခံစစ်ကိုပဲ အရမ်း အသားပေးခဲ့လို့ ၊ ဂိုးပေးခဲ့ရပါတယ် ။ ဒီပွဲ ဟာ အရမ်း ရှုပ်ထွေးပြီး ၊ ဒီလို အနေအထား မှာ ရလဒ်ကောင်း တခု ဖော်ဆောင်နိုင်ဖို့ အတွက် ပြည့်ဝတဲ့ စွမ်းဆောင်ရည်မျိုး ပြနိုင်ဖို့ လိုပါတယ် ။ ဒီ အခြေအနေမျိုးကို ကျွန်တော်တို့ဖက် မလိုချင်ပေမယ့် ၊ လက်ခံရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။