ပြီးခဲ့တဲ့ စတုဂတ် နဲ့ ခြေစမ်းပွဲ ပွဲစဉ်မှာ လီဗာပူး အတွက် ချေပဂိုး ရယူပေးခဲ့တဲ့ ဆာဒီယို မာနေး ကတော့ ဒီရာသီဟာ သူ့အတွက် အားလပ်ရက် ပိုပြီး ရရှိခဲ့တာကြောင့် ရုပ်ပိုင်းဆိုင်ရာ အရရော ၊ စိတ်ပိုင်းဆိုင်ရာပါ အများကြီး ပြင်ဆင်ထားပြီးပြီလို့ ထုတ်ဖော် ပြောဆိုလိုက်ပြီး ၊ အဓိက ကစားသမားကြီးတွေ ဒဏ်ရာကနေ ပြန်လာပြီ ဖြစ်တဲ့ အတွက်လဲ အရမ်းကို စိတ်လှုပ်ရှားနေမိတယ်လို့ ဖွင့်ဟ သွားခဲ့ ပါတယ်။
မနေ့က သြစတီးယား မှာ ပြင်ဆင်နေတဲ့ လီဗာပူး ရဲ့ Training Camp ဆီ မာနေး ရဲ့ ဖိတ်ကြားမှုနဲ့ အတူ ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ယာယာတိုရေး လာရောက် လည်ပတ်သွားခဲ့ ပါတယ်။ သူဟာ နည်းပြဘဝမှာ အောင်မြင်ဖို့ ကြိုးစားနေတာကြောင့် ကလော့ပ် နဲ့ တွေ့ဆုံဟာ သိချင်တဲ့ အကြောင်းအရာ တချို့ကိုလဲ မေးမြန်း သွားခဲ့ပါတယ်။
မိန့်ဇ် အသင်းနဲ့ ခြေစမ်းပွဲ ကစားမီ Liverpool TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဆီနီဂေါ ကစားသမားက ရာသီအကြို ပြင်ဆင်မှုတွေ နဲ့ ပတ်သက်ပြီး အခုလို ပြန်လည် ဖြေကြားသွားခဲ့ ပါတယ်။
မေး – ဆာဒီယို ရေ…….သြစတီးယား ကို တို့တတွေ ရောက်လာတာ 2 ပတ်တောင် ရှိလာပြီနော်။ ခင်ဗျား ကိုယ်တိုင်လဲ ဒီရာသီ ပထမဆုံး ခြေစမ်းပွဲကို ပါဝင် ကစားခဲ့တယ် ၊ ဂိုးလဲ သွင်းပြနိုင်ခဲ့တယ် ဆိုတော့ လက်ရှိ အချိန်မှာ ရုပ်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်ပြီး ခံစားချက်တွေက ဘယ်လို ရှိလဲ ပြောပြပါဦး ။
ဖြေ – အခုချိန်ထိတော့ မြင်တဲ့အတိုင်းပဲဗျာ အားလုံးက အဆင်ပြေပါတယ်။ လေ့ကျင့်ခန်း အစီအစဉ်တွေက ခက်ခဲတယ် ဆိုပေမယ့် ၊ ဒီလောက်တော့ ရှိမှာပဲလေ။ အထူးဆန်းကြီး လုပ်ပြီး ပြောနေစရာ မလိုပါဘူး။ ကျနော့် အမြင်မှာတော့ စတုဂတ် နဲ့ ပွဲမှာ နာရီဝက် ပါဝင်ကစားခွင့် ရလိုက်တာ တော်တော်လေးကို အရေးပါ ပါတယ်။
သောကြာနေ့မှာ ကစားမယ့် ပွဲကတော့ မဖြစ်နေ နိုင်ပွဲရအောင် ကြိုးစားဖို့ လိုတာပေါ့။ ကျနော် အပါအဝင် အသင်းဖော်တွေ အားလုံးက ရုပ်ပိုင်းဆိုင်ရာမှာရော အဆင်သင့် ဖြစ်နေတယ် ဆိုတာ ခင်ဗျားတို့ မြင်ကြရမှာပါ။ ဒါကြောင့်မို့ အဲဒီပွဲ အတွက်ပဲ အားစိုက်ထားပါတယ်။
မေး – ခင်ဗျား အတွက်ပေါ့ဗျာ……ရာသီ အကြိုပြင်ဆင်မှုတွေမှာ ယုံကြည်မှုကို အဓိက ထားသလား ၊ ကြုံခိုင်မှုလား ၊ ဂိုးတွေ သွင်းဖို့လား? ဘယ်အရာတွေ ဖြစ်မလဲ။
ဖြေ – သေချာတာ တစ်ခုက ရာသီအကြို ပြင်ဆင်မှုတွေ လုပ်ဆောင်ကြပြီ ဆိုတာနဲ့ ရုပ်ပိုင်း ဆိုင်ရာ ကိုပဲ ဦးစားပေး ရတာပါ။ ပြီးတော့ တိုက်စစ်မှုး တစ်ယောက် ဖြစ်တဲ့အတွက် အဆုံးသတ်ပိုင်းမှာ ပိုမို ကောင်းမွန်အောင် လေ့ကျင့် ပြင်ဆင်ရတာပေါ့။ တချိန်တည်းမှာပဲ စိတ်ပိုင်းဆိုင်ရာ အတွက်လဲ ပြင်ဆင်ရတာတွေ ရှိပါတယ် ဘာလို့လဲ ဆိုတော့ ဘောလုံးရာသီ တစ်ခုဟာ ဘယ်လောက်အထိ အတက်အကျတွေ များလွန်းသလဲ ဆိုတာ ခင်ဗျားတို့ အသိပဲလေ။
ကျနော့် အထင်တော့ ကျနော်တို့မှာ အသင်းလိုက် စုဖွဲ့မှု က အရမ်းကျစ်လစ်နေပြီ ဖြစ်သလို ၊ စိတ်ပိုင်းဆိုင်ရာကလဲ အမြင့်ဆုံးအထိ ရောက်နေပါပြီ။ ဒါကြောင့် ဒီရာသီဟာ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတဲ့ ဘောလုံးရာသီ တခု ဖြစ်လာမယ် ထင်ပါတယ်။
မေး – ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြိုင်ပွဲပေါင်းစုံ 16 ဂိုး အထိ သွင်းယူနိုင်ခဲ့တယ်နော်။ ဒါဟာ ပရီးမီးယားလိဂ် ရဲ့ တိုက်စစ်မှုး တစ်ယောက် အတွက် အောင်မြင်တဲ့ စွမ်းဆောင်ရည်မျိုးလို့ သတ်မှတ်ပေးလို့ရတဲ့ ပမာဏမျိုးပါ။ ဒါပေမယ့် ခင်ဗျား ကိုယ်တိုင်ကတော့ အဲဒီလို မယူဆခဲ့ပါဘူး။ အခုချိန်ထိ မနှစ်က ရာသီမှာ ခြေစွမ်းကောင်းကောင်း မပြနိုင်ခဲ့ဘူးလို့ ခံစားမိနေတုန်းပဲလား။
ဖြေ – ကျနော် ကိုယ်တိုင် ကိုယ့်ခြေစွမ်းကို အားမရခဲ့ဘူးလို့ ပြောခဲ့တာပါ။ မနှစ်က ဘောလုံးရာသီက ကျနော့်ရဲ့ အကောင်းဆုံး ရာသီ တခု မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဘောလုံးမှာ ဒါမျိုးတွေ ကြုံရတတ်တာပဲလေ။ သေချာတာ တစ်ခုက ဒီရာသီမှာတော့ အဲဒီလိုမျိုး ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ့်အနေအထား ကို ကိုယ်သိပါတယ်။
စိတ်ပိုင်းဆိုင်ရာ အရရော ၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ပိုပြိးတော့ ပြင်ဆင်ထားနိုင်ခဲ့ပြီ ဖြစ်တာမို့ ၊ ကျနော့် အတွက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဘောလုံးရာသီ တခု ဖြစ်လာမယ် ထင်ပါတယ်။
မေး – ဒီအကြောင်း ပရိသတ်တွေ သိလို့ကတော့ ဝမ်းသာကြမှာပဲ။ ခင်ဗျား မျက်နှာပေါ်က အပြုံးတွေ ကို ပြန်မြင်တွေ့ရတော့မယ်ပေါ့။
ဖြေ – သေချာတာပေါ့ဗျာ။ ဒီနှစ်ဘောလုံးရာသီဟာ မနှစ်ကနဲ့ လုံး၀ မတူတဲ့ ပုံစံမျိုး ဖြစ်မှာပါ။ လီဗာပူး အတွက်လဲ နောက်ထပ် ကျေနပ်စရာ ကောင်းတဲ့ ဘောလုံးရာသီ တခု ဖြစ်လာပါလိမ့်မယ်။
မေး – အခု ဗန်ဒိုက် ၊ ဂိုးမက်ဇ် ၊ မာတစ် တို့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဆိုတော့ ၊ ဘယ်လောက်အထိ စိတ်လှုပ်ရှားနေလဲ ဆိုတာ ပြောပြပါဦး။
ဖြေ – ဒီအကြောင်း နဲ့ ပတ်သက်ပြီး ပြောရရင် ကျနော် တစ်ယောက်ထဲ မဟုတ်ပါဘူး။ တသင်းလုံးကို စိတ်လှုပ်ရှားနေတာပါ။ ကစားဖော်တွေ လေ့ကျင့်ခန်း ပြန်ဆင်းတာ မြင်တိုင်း ၊ ကျနော်တို့လဲ ပရိသတ်တွေလိုပဲ ပျော်တာပေါ့။
ကျနော်ဆိုရင် လေ့ကျင့်ခန်း အစီအစဉ်တွေ ပြီးတိုင်း “ဘော်ဒါကြီးရေ…….အခြေအနေကောင်းတယ်မို့လား” ဆိုပြီး ခဏခဏမေးဖြစ်ပါတယ်။ သူတို့ဟာ အသင်းအတွက် ဘာတွေ လုပ်ပေးနိုင်လဲ ဆိုတာ လူတိုင်းသိနေတာပဲလေ။
လေ့ကျင့်ခန်း အစီအစဉ်တွေမှာ သူတို့ကို ပြန်မြင်ရလေလေ “WoW ဒီနှစ်တော့ ငါတို့အတွက် နောက်ထပ် ရင်ခုန်ဖို့ ကောင်းတဲ့ ဘောလုံးရာသီတခုကို ဖြတ်သန်းရတော့မှာပဲ” ဆိုပြီး အားလုံးက ခံစားမိနေကြတာပါ။