ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌဖြစ်သူ အက်ဂ်နယ်လီသည် ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများရှိနေသော်လည်း အသင်းဥက္ကဋ္ဌအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။
အက်ဂ်နယ်လီသည် ဥရောပစူပါလိဂ်တည်ထောင်ရန်ကြိုးစားရာတွင် အဓိကနေရာမှပါဝင်ခဲ့ပြီး ပြိုင်ပွဲ၏ ဒု- ဥက္ကဋ္ဌအဖြစ် မန်ယူအသင်းအမှုဆောင် ဒု-ဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်နှင့်အတူ ဆောင်ရွက်ခဲ့သူဖြစ်သည်။
သို့သော် ဘောလုံးလောကနှင့်သက်ဆိုင်သူများ၏ ပြင်းထန်သည့် ကန့်ကွက်မှုများကြောင့် ပရီးမီးယားလိဂ်ထိပ်သီး (၆)သင်းမှာ ဥရောပစူပါလိဂ်ပြိုင်ပွဲမှ ဦးစွာနုတ်ထွက်ခဲ့ပြီး အေစီမီလန်၊ အင်တာမီလန်နှင့် အက်သလက်တီကို အသင်းတို့ မှာလည်း ဧပြီလ (၂၁)ရက်တွင် ပြိုင်ပွဲ၌ ပါဝင်တော့မည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။
ဂျူဗင်တပ်စ်အသင်းကမူ ဥရောပစူပါလိဂ်ပြိုင်ပွဲစီမံကိန်းမှာ ဖြစ်မြောက်တော့မည်မဟုတ်သော်လည်း နုတ်ထွက်မည်မဟုတ်ကြောင်းနှင့် ဘောလုံးလောကတိုးတက်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဥရောပစူပါလိဂ်ပြိုင်ပွဲမှ ပရီးမီးယားလိဂ် (၆)သင်း နုတ်ထွက်ကြောင်း ကြေညာပြီးနောက် ဂျူဗင်တပ်စ်အသင်းပရိသတ်များနှင့် ဘောလုံးပရိသတ်များသည် အဆိုပါပြိုင်ပွဲကို ဖန်တီးရာတွင် အဓိကနေရာမှပါဝင်ခဲ့သည့် ဂျူဗင်တပ်စ်ဥက္ကဋ္ဌ အက်ဂ်နယ်လီကို ရာထူးမှနုတ်ထွက်ရန် နာမည်ကျော်လူမှုကွန်ရက်တစ်ခုဖြစ်သည့် Twitter တွင် တောင်းဆိုခဲ့ကြသည်။
ဥရောပစူပါလိဂ်ပြိုင်ပွဲ၏ ဒု -ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် အက်ဒ်ဝုဒ်ဝက်ဒ်သည် မန်ယူအမှုဆောင် ဒု-ဥက္ကဋ္ဌရာထူးမှ ၂၀၂၁ ခုနှစ်တွင် နုတ်ထွက်မည်ဟု ကြေညာခဲ့ခြင်းကြောင့် ပရိသတ်များသည် Twitter တွင် #Agnelliout ဆိုသည့် hashtag ဖြင့် အက်ဂ်နယ်လီကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။
ထို့ပြင် အက်ဂ်နယ်လီအနေဖြင့် ဥရောပစူပါလိဂ် တည်ထောင်ရန် ကြိုးပမ်းမှုဖြင့် ရာထူးမှထွက်ခွာမည်ဖြစ်ပြီး ဝမ်းကွဲညီအစ်ကိုဖြစ်သူ အလက်ဆန်ဒရိုနာဆီကို ခန့်အပ်ဖွယ်ရှိသည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
သို့သော် ဂျူဗင်တပ်စ်အသင်းက အဆိုပါသတင်းများမှာ ကောလာဟလများသာဖြစ်ပြီး အက်ဂ်နယ်လီအနေဖြင့် အသင်းဥက္ကဋ္ဌအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။