မန်ယူဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက အသင်းယာယီနည်းပြ ရန်းနစ်အား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်မည်ဆိုပါက ၎င်းအနေဖြင့် အသင်းမှထွက်ခွာမည်ဟု မန်ယူအသင်းတာဝန်ရှိသူများထံ အကြောင်းကြားထားကြောင်း Daily Express သတင်းစာက ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်များ ဆိုးရွားခြင်းကြောင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် အသင်းနည်းပြ ဆိုးလ်ရှားကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး နာမည်ကျော် ဂျာမန်လူမျိုးနည်းပြ ရန်းနစ်ကို ယခုရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် ရန်းနစ်လက်ထက်တွင်လည်း မန်ယူအသင်းမှာ ဆက်လက်ရုန်းကန်နေရသည့်အပြင် ၎င်းလက်ထက်တွင် အသင်းအဝတ်လဲခန်းအတွင်း ပြိုကွဲမှုများရှိနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ ထို့ပြင် ရန်းနစ်သည် မန်ယူအသင်း၏ အချို့ ပွဲစဉ်များတွင် စီရော်နယ်လ်ဒိုကို ပွဲထွက်စာရင်း မှ ချန်လှပ်ခဲ့သလို ပါဝင်ကစားသည့်ပွဲစဉ်များတွင်လည်း လူစားလဲမှုများ ပြုလုပ်ခဲ့သည်။
စီရော်နယ်လ်ဒိုသည် ယင်းအချက်များကို ဒေါသထွက်နေသလို ရန်းနစ်လက်ထက်တွင် ၎င်းအနေဖြင့် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသဖြင့် ရန်းနစ်၏နည်းစနစ်များကို သဘောမကျဖြစ်နေကြောင်း သိရှိရသည်။ ထို့ကြောင့် စီရော်နယ်လ်ဒိုသည် ရန်းနစ်အား လာမည့်နွေရာသီတွင် မန်ယူအသင်း၏ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်မည်ကို စိုးရိမ်နေကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်နှင့်တိုင်ပင်ရန် စီစဉ်နေသလို ရန်းနစ်အား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်မည်ဆိုပါက ၎င်းအနေဖြင့် အသင်းမှ ထွက်ခွာမည်ဟု မန်ယူအသင်း တာဝန်ရှိသူများထံ အကြောင်းကြားထားကြောင်း Daily Express က ဖော်ပြခဲ့ခြင်းဖြစ်သည်။
လာမည့်နွေရာသီတွင် မန်ယူအသင်း၏ အမြဲတမ်းနည်းပြဖြစ်လာရန် PSG နည်းပြ ပိုချက်တီနိုက ရေပန်းစားနေပြီး ၎င်း၏နောက်တွင် အေဂျက်စ်နည်းပြ တန်ဟက်ဂ်နှင့် လက်ရှိ မန်ယူယာယီနည်းပြ ရန်းနစ်တို့ အစဉ်လိုက်ရပ်တည်နေကြောင်း သိရသည်။ ထို့ကြောင့် စီရော်နယ်လ်ဒိုသည် ရန်းနစ်အား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်မည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း သိရသည်။