မန်ယူအသင်း၏ ကစားသမားဟောင်း နှစ်ဦးဖြစ်သော ဂယ်ရီနဗီးလ်နှင့် ဆိုးလ်ရှားတို့က ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ခြိမ်းခြောက်မှုကြောင့် ဘောလုံးပွဲများထပ်မံရပ်နားခြင်းကို မလိုလားကြောင်း ၎င်းတို့၏ အမြင်များအား အသီးသီးပြောကြားခဲ့ကြသည်။
Sky Sports ရုပ်သံတွင် ဘောလုံးဝေဖန်သူ ပြုလုပ်နေသည့် ဂယ်ရီနဗီးလ်က ဘောလုံးပွဲများကို (၂)ပတ် မှ(၄)ပတ်အထိ ရပ်နားခြင်းဖြင့် ဗိုင်းရပ်စ်ပိုးမှာ ပပျောက်သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး လက်ရှိမန်ယူအသင်း နည်းပြဖြစ်သူ ဆိုးလ်ရှားကလည်း ဘောလုံးပွဲများရပ်နားခြင်းမှာ အကျိုးရှိမည်ဟု မထင်မြင်ကြောင်း ပြောကြားခဲ့သည်။

(ကိုရိုနာဗိုင်းရပ်စ်ကြောင့် မိမိကိုယ်မိမိ စိုးရိမ်နေသည်ဟုဆိုခဲ့ပြီး ဘောလုံးပွဲများရပ်နားရန် တောင်းဆိုခဲ့သည့်) ဝက်စ်ဘရွန်းနည်းပြ ဆမ်အလာဒိုက်စ်၏ ပြောစကားကို ဖော်ပြခဲ့သော Sky Sports ၏သတင်းအား ဂယ်ရီနဗီးလ်က သူ၏ Twitter တွင် ပြန်လည်မျှဝေခဲ့ပြီး ယင်းအပေါ်၌ သူ၏အမြင်ကို ရေးသားခဲ့သည်။
”ပြီးခဲ့တဲ့ (၆)လအတွင်းမှာ ဘောလုံးပွဲတွေကို အန္တရာယ်ကင်းရှင်းစွာနဲ့ ကျင်းပနိုင်တယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းတုန်းက ဒီဗိုင်းရပ်စ်အကြောင်းကို နားမလည်ခဲ့ဘဲ အတွေ့အကြုံသစ် ဖြစ်လို့ သတိရှိရှိနဲ့ စိုးရိမ်မှုကြီးခဲ့ကြတာ မှန်ပါတယ်။ အခုအချိန်မှာ ဘောလုံးပွဲတွေ ထပ်ပြီးရပ်နားစရာမလိုတော့ဘူးလို့ ကျွန်တော် မြင်မိပါတယ်။ ဒီရောဂါပိုးက ရက်သတ္တပတ် (၂)ပတ်နဲ့ (၄)ပတ်အတွင်းမှာ ပပျောက်သွားနိုင်တဲ့ ပိုးမျိုးမဟုတ်ပါဘူး”ဟု ဂယ်ရီနဗီးလ်က သုံးသပ်ရေးသားခဲ့သည်။
ဂယ်ရီနဗီးလ်၏ မန်ယူအသင်းဖော်ဟောင်း ဆိုးလ်ရှားကလည်း ”ကျွန်တော်တို့ရဲ့ ကစားသမားတွေအနေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီလိုက်နာပြီး ကစားနေကြတာ အဆင်ပြေနေပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အလုပ်တာဝန် တစ်ခုပါ။ ကျွန်တော်တို့ကိုပေးထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ရမှာပါ။ Circuit Break (ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ထပ်မံမပြန့်ပွားစေရန်အတွက် ခေတ္တအနားပေးခြင်း)ပြုလုပ်လည်း အကျိုးရှိမယ်လို့တော့ ကျွန်တော်က မထင်မြင်မိပါဘူး။ ဘယ်လိုတောင်းဆိုမှုတွေရှိနေပါစေ။ ကျွန်တော်တို့ကတော့ ပွဲတွေကိုကစားနေရဦးမှာပဲမဟုတ်လား။ ဘောလုံးပွဲတွေကို ရပ်နားရုံနဲ့ ကြီးကြီးမားမား ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်တော်ကတော့ မထင်မြင်မိပါဘူး”ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဆိုးလ်ရှား၏မန်ယူအသင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်ကောင်းများဆက်တိုက်ရယူပြီး အမှတ်ပေးဇယားတွင် အဆင့် (၂)နေရာသို့ တက်လှမ်းထားသည့်အသင်းဖြစ်သည်။
မန်ယူအသင်းသည် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် (၉)ပွဲတွင် ရှုံးပွဲမရှိခဲ့ဘဲ (၇)ပွဲအထိအနိုင်ရရှိခဲ့ပြီး အများဆုံးရရှိနိုင်သည့်ရမှတ်(၂၇)မှတ်မှ(၂၃)မှတ်အထိ ရယူနိုင်ခဲ့သည်။