ပြင်သစ်အမျိုးသမီးဒိုင်လူကြီး စတီဖနီဖရာပတ်သည် ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးတာဝန်ပေးခံရသည့် အမျိုးသမီးဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)သည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် တာဝန်ယူမည့် ဒိုင်လူကြီးစာရင်းကို ဧပြီ(၂၁)ရက်နေ့က ထုတ်ပြန်ခဲ့ရာ ဖရာပတ်ကို အကူဒိုင်လူကြီးတစ်ဦးအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဖရာပတ်သည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခွင့်ရမည်မဟုတ်ဘဲ စတုတ္ထဒိုင်အဖြစ်သာ တာဝန်ယူရဖွယ်ရှိသော်လည်း ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးဆောင်ရွက်ခွင့်ရသည့် အမျိုးသမီးဒိုင်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
ဖရာပတ်(၃၇ နှစ်)သည် အမျိုးသားဘောလုံးပြိုင်ပွဲများ၌ ဆက်တိုက်တာဝန်ပေးခံနေရသူဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ချန်ပီယံလိဂ်ပြိုင်ပွဲကို တာဝန်ယူခွင့်ရသည့် ပထမဆုံးအမျိုးသမီးဒိုင်အဖြစ်လည်းကောင်း၊ ယခုနှစ် မတ်လအတွင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲကို တာဝန်ယူခွင့်ရသည့် ပထမဆုံးအမျိုးသမီးဒိုင်အဖြစ်လည်းကောင်း မှတ်တမ်းဝင်ခဲ့သည်။
UEFA သည် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်နှင့် သဘောတူညီထားမှုအရ ယူရို-၂၀၂၀ ပြိုင်ပွဲတွင် တောင်အမေရိကမှ ဒိုင်များကိုလည်း အကူဒိုင်များအဖြစ် တာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲတွင်လည်း ဥရောပဒိုင်များက သွားရောက်ကူညီပေးသွားမည်ဟု သိရသည်။