ဘယ်လ်ဂျီယံအသင်း၏ တိုက်စစ်မှူး လူကာကူသည် ယူရိုခြေစစ်ပွဲ၌ ပြိုင်ပွဲကာလတစ်ခုတည်းတွင် ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် (၁၄)ဂိုးဖြင့် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
လူကာကူသည် ဘယ်လ်ဂျီယံအသင်းက အဇာဘိုင်ဂျန်အသင်းအား (၅-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် တစ်ဦးတည်း(၄)ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ယူရို-၂၀၂၄ ခြေစစ်ပွဲတွင် ၎င်းအနေဖြင့် သွင်းဂိုး(၁၄)ဂိုးအထိ ရှိသွားခဲ့ ပြီး စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခင်က ယူရိုခြေစစ်ပွဲများတွင် ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် မြောက်အိုင်ယာလန်တိုက်စစ်မှူး ဒေးဗစ်ဟီယာလီနှင့် ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးတို့က (၁၃)ဂိုးစီဖြင့် ပူးတွဲရပ်တည်နေခဲ့ခြင်းဖြစ်ပြီး ဒေးဗစ်ဟီယာလီက ယူရို-၂၀၀၈ ခြေစစ်ပွဲ၊ လီဝန်ဒေါစကီးက ယူရို-၂၀၁၆ ခြေစစ်ပွဲတို့တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
ယခုအခါ လူကာကူက ၎င်းတို့ကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယူရို-၂၀၂၄ ခြေစစ်ပွဲ၌ ဘယ်လ်ဂျီယံအသင်း သွင်းယူခဲ့သည့် စုစုပေါင်းဂိုးအရေအတွက်၏ (၆၄%)ကို ၎င်းတစ်ဦးတည်း သွင်းယူခဲ့ခြင်းဖြစ်သည်။
ဘယ်လ်ဂျီယံအသင်းသည် ယူရို-၂၀၂၄ ခြေစစ်ပွဲတွင် (၂၂)ဂိုးသွင်းယူခဲ့ပြီး လူကာကူက (၁၄)ဂိုး၊ လူကီဘာကီယိုနှင့် ထရော့ဆက်ဒ်တို့က (၂)ဂိုးစီ၊ ဘာကာယိုကို၊ ကာရက်စ်ကို၊ ကီတီလာရေးနှင့် ဗာတွန်ဂန်တို့က (၁)ဂိုးစီ သွင်းယူခဲ့ခြင်းဖြစ်သည်။
လူကာကူ၏ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဘ၀ စုစုပေါင်းသွင်းဂိုးအရေအတွက်မှာ (၈၃)ဂိုးရှိသွားပြီဖြစ်ပြီး ဥရောပဘောလုံးသမားများထဲ၌ ၎င်းထက် ဂိုးပိုသွင်းနိုင်သူမှာ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို(၁၂၈ ဂိုး) နှင့် ဟန်ဂေရီတိုက်စစ်မှူးဟောင်း ပွတ်ရှ်ကပ်စ်(၈၄ ဂိုး)တို့နှစ်ဦးသာရှိတော့ကြောင်းလည်း ESPN က ဖော်ပြခဲ့သည်။
ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံးတွင်မူ လူကာကူက လက်ရွေးစင်သွင်းဂိုးအများဆုံးစာရင်း၌ သတ္တမနေရာ ရပ်တည်နိုင်ခဲ့သည်။ ၎င်း၏အထက်တွင် ရပ်တည်နေသူများမှာ စီရော်နယ်လ်ဒို(ပေါ်တူဂီ) – ၁၂၈ ဂိုး၊ အလီဒါယီ(အီရန်) – ၁၀၉ ဂိုး၊ မက်ဆီ(အာဂျင်တီးနား) – ၁၀၆ ဂိုး၊ ဆူနီလ်ချက်ထရီ(အိန္ဒိယ) – ၉၃ ဂိုး၊ ဒါဟာရီ(မလေးရှား) – ၈၉ ဂိုးနှင့် ပွတ်ရှ်ကပ်စ်(ဟန်ဂေရီ) – ၈၄ ဂိုးတို့ဖြစ်ကြောင်း သိရသည်။
လူကာကူ(၃၀ နှစ်)သည် ၂၀၁၀ ခုနှစ်တွင် ဘယ်လ်ဂျီယံလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး ၎င်းအနေဖြင့် အသက်(၃၀)ပြည့်သည့် ၂၀၂၃ ခုနှစ်အတွင်းတွင် ဂိုးအများဆုံးသွင်းယူနိုင်ခြင်းမှာလည်း ထူးခြားမှုဖြစ်ခဲ့သည်။
လူကာကူသည် ၂၀၂၃ ခုနှစ်အတွင်းတွင် ဘယ်လ်ဂျီယံအသင်းအတွက် (၁၅)ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဒုတိယအများဆုံးသွင်းယူနိုင်သည်မှာ ၂၀၁၈ ခုနှစ်၌ (၁၄)ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။
ဘယ်လ်ဂျီယံအသင်းသည် ယူရို-၂၀၂၄ ခြေစစ်ပွဲတွင် ယှဉ်ပြိုင်ရန်ပွဲမရှိတော့သလို၊ ၂၀၂၃ ခုနှစ်အတွင်းတွင်လည်း ဆက်လက်ယှဉ်ပြိုင်ရန် မရှိတော့သည့်အတွက် လူကာကူအနေဖြင့် ၂၀၂၃ ခုနှစ်တွင် လက်ရွေးစင် သွင်းဂိုး(၁၅)ဂိုးဖြင့် အဆုံးသတ်ခဲ့ပြီဖြစ်သည်။