အင်္ဂလန်လက်ရွေးစင်အသင်း၏နည်းပြ ဆောက်ဂိတ်က လာမည့် ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးတွင် အင်္ဂလန်အသင်းနှင့် လမ်းခွဲ၍ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းကို ကိုင်တွယ်ဖွယ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဆောက်ဂိတ်(၅၃ နှစ်)သည် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ၂၀၁၆ ခုနှစ်တွင် စတင်တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိစာချုပ်မှာ ယူရို -၂၀၂၄ ပြိုင်ပွဲအပြီးတွင် ကုန်ဆုံးမည် ဖြစ်သည်။ ဆောက်ဂိတ်သည် အင်္ဂလန်လက်ရွေးစင်အသင်းကို မကိုင်တွယ်မီက ပရီးမီးယားလိဂ်အသင်းငယ်တစ်သင်းဖြစ်သည့် မစ်ဒယ်ဘရော့အသင်းကိုသာ ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး လိဂ်ချန်ပီယံရှစ်သို့လည်း တန်းဆင်းခဲ့ရသည်။
ထို့ကြောင့် ပရီးမီးယားလိဂ်တွင် နေရာရနိုင်ဖွယ်မရှိကြောင်း ဝေဖန်မှုများရှိနေသော်လည်း ၎င်းက ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းကို ကိုင်တွယ်ရန် အသင့်ရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“လူတိုင်းက မစ်ဒယ်ဘရော့အကြောင်းပဲ ပြောကြပါတယ်။ သူက မစ်ဒယ်ဘရော့ကို တန်းဆင်းစေခဲ့သူပေါ့။ ကောင်းပြီ။ တတိယနှစ်မှာ ကျွန်တော်တို့ တန်းဆင်းခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော် ပရီးမီးယားလိဂ်မှာ (၃) နှစ် နည်းပြခဲ့ဖူးခြင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးလောကမှာ ဒီထက်ပိုပြီး ခြောက်လှန့်နိုင်တဲ့အလုပ်မရှိပါဘူး။ ဒီထက်ပိုမြင့်တဲ့၊ ဒီထက်ပို ဖိအားများတဲ့၊ ဒီထက်ပိုခက်ခဲရှုပ်ထွေးတဲ့ အလုပ်လည်း မရှိပါဘူး”ဟု Sky Sports နှင့် တွေ့ဆုံရာတွင် ဆောက်ဂိတ်က ပြောကြားခဲ့သည်။