ဂရိ – ပြင်သစ် (နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၂း၁၅ နာရီ)
ပြင်သစ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဥရောပရဲ့အသင်းငယ်လေးတစ်သင်းဖြစ်တဲ့ ဂျီဘရော်လ်တာကို (၁၄)ဂိုးဆိုတဲ့ အရေအတွက်အထိ သွင်းပြလိုက်တယ်။ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေရဲ့အဆင့်အတန်းကို မြင်ရတဲ့ပွဲလို့လည်း ပြောလို့ရတယ်။ အုပ်စုအနည်းငယ်ကလွဲရင် တကယ်တော့ ဥရောပဇုန်ရဲ့အုပ်စုတော်တော်များများမှာ အဆင့်အတန်းကွာဟမှု ကြီးကြီးမားမားကိုလည်း မြင်နေရတယ်။ ဂရိကတော့ ပြင်သစ်အတွက် ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခုလို့ ဆိုရမှာပါ။ ပြင်သစ် အိမ်ကွင်းမှာတုန်းက ၁-၀ ဂိုးနဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့တယ်။ ဂရိမြေမှာတော့ ဂရိရဲ့မာကျောတဲ့တုံ့ပြန်မှုကို ပြင်သစ် ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့ ခြေစစ်ပွဲရလဒ်ကောင်းတွေကို အရှိန်တင်နေတဲ့ ပြင်သစ်ပဲ ကပ်နိုင်ဖို့ ရှိနေတယ်။
ဂျီဘရော်လ်တာ – နယ်သာလန် (နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၂း၁၅ နာရီ)
ဂျီဘရော်လ်တာက အမှတ်တောင် မရသေးဘူးဆိုတာထက် ပိုဆိုးနေတာက ဂိုးတောင်မသွင်းနိုင်သေးတဲ့ အခြေအနေဖြစ်နေတယ်။ ဒီအုပ်စုထဲမှာလည်း ဂရိ၊ ပြင်သစ်၊ နယ်သာလန်၊ အိုင်ယာလန်တို့လိုအသင်းတွေ ပါဝင်နေတာက ဂျီဘရော်လ်တာကို အခြေအနေဆိုးစေပါတယ်။ ပူပူနွေးနွေးပဲ ပြင်သစ်အသင်းကို (၁၄)ဂိုးအထိ ပေးထားရခြင်းက ဂျီဘရော်လ်တာကို စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန်ထိုးနှက်ထားမှာဖြစ်သလို၊ နယ်သာလန်နဲ့ကလည်း ခြေအဆင့်အတန်းက တော်တော်လေးကွာနေတယ်။ အဝေးကွင်းမှာလည်း နယ်သာလန် ဂိုးပြတ်သွင်းမှာပဲ။
ခရိုအေးရှား – အာမေးနီးယား (နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၂း၁၅ နာရီ)
ခရိုအေးရှားက တူရကီကို ကျော်ပြီး အုပ်စုဗိုလ်ဖြစ်လာဖို့ မျှော်လင့်ချက်ရှိသလို၊ ဝေးလ်စ်ရဲ့ကျော်တက်ခြင်းကိုခံရပြီး အုပ်စုတတိယလည်း ဖြစ်သွားနိုင်တယ်။ ဒီအခြေအနေနှစ်ခုအတွက် အရေးကြီးတဲ့အဖြေကတော့ အိမ်ကွင်းမှာ အာမေးနီးယားကို အနိုင်ကစားဖို့ပါပဲ။ အာမေးနီးယားက ဒီဘက်နှစ်တွေမှာ ကစားရခက်တဲ့ အသင်းတစ်သင်းအဖြစ် သိသိသာသာ ပြောင်းလဲလာတာကို တွေ့ရတယ်။ ခရိုအေးရှားကိုလည်း အကြိတ်အနယ်ကစားလာတာကို တွေ့ရတယ်။ ဒါပေမဲ့ မျှော်လင့်ချက်မရှိတဲ့ အခြေအနေနဲ့ ခရိုအေးရှားရဲ့ သေရေးရှင်ရေးအခြေအနေတွေကြောင့် ခရိုအေးရှား သေချာပေါက်နိုင်မယ်။
ဝေးလ်စ် – တူရကီ (နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၂း၁၅ နာရီ)
ဝေးလ်စ်က တူရကီကိုနိုင်ခဲ့ရင်တောင် ခရိုအေးရှား သရေမကျရင် အုပ်စုတတိယဖြစ်ပါပြီ။ တူရကီကတော့ ဝေးလ်စ်ကိုသာရှုံးခဲ့ရင် ခရိုအေးရှားရဲ့ ကျော်တက်ခြင်းကိုခံရနိုင်လို့ သရေတစ်မှတ်လိုနေတယ်။ လက်ရှိခြေစွမ်းအရတော့ တူရကီအသင်းက သရေတစ်မှတ် ယူနိုင်ပါလိမ့်မယ်။
ရိုမေးနီးယား – ဆွစ်ဇာလန် (နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၂း၁၅ နာရီ)
ဆွစ်ဇာလန်က ဘီလာရုစ်၊ အစ္စရေးနဲ့ ကိုဆိုဗိုတို့ကို ဆက်တိုက်သရေကစားခဲ့တယ်။ ရိုမေးနီးယားအသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ နိုင်ပွဲဆက်နေတဲ့အသင်းပါ။ ဆွစ်ဇာလန်အတွက် ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာနိုင်ပြီး ရိုမေးနီးယားကိုပဲ ကြိုက်တယ်။
အန်ဒိုရာ – အစ္စရေး (နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၂း၁၅ နာရီ)
အန်ဒိုရာအသင်းက ဒီအုပ်စုမှာ တော်တော်လေးအားနည်းတဲ့အသင်းပါ။ အစ္စရေးက သိသိသာသာ ခြေတက်လာတဲ့အသင်းဖြစ်ပြီး အန်ဒိုရာနဲ့လည်း ခြေကွာပါတယ်။ အစ္စရေးပဲ အနိုင်ကစားလိမ့်မယ်။
ကိုဆိုဗို – ဘီလာရုစ် (နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၂း၁၅ နာရီ)
ကိုဆိုဗိုနဲ့ ဘီလာရုစ် ခြေသိပ်မကွာပေမဲ့ ကိုဆိုဗိုကွင်းမှာတော့ ကိုဆိုဗိုပဲ အနိုင်ရလိမ့်မယ်။