ယူကရိန်း – သြစတြီးယား(မြန်မာစံတော်ချိန် ဇွန်လ ၂၁ ရက် ည ၁ဝး၃၀ နာရီ)
ယူကရိန်းက နယ်သာလန်နဲ့ပွဲမှာ အကောင်းဆုံး တုံံ့ပြန်နိုင်ခဲ့တာကို တွေ့ရတယ်။ ခြေစွမ်းကောင်းသလို၊ စိတ်ဓာတ်လည်းကောင်းတယ်။ ဒီအသင်းက အခုပွဲမှာ သြစတြီးယားဆီက အမှတ်ယူဖို့ ထိုက်တန်တဲ့အနေအထားရှိပါတယ်။ သြစတြီးယားက အဖွင့်ပွဲမှာ မြောက်မက်ဆီဒိုးနီးယားကို ဂိုးပြတ်သွင်းနိုင်ခဲ့တယ်ဆိုပေမဲ့ ဒီအသင်းက ဒီအုပ်စုမှာ အသင်းတိုင်းအနိုင်ကစားမယ့်အသင်းလို့ပဲ ပြောရမယ်။ ယူကရိန်း အနိမ့်ဆုံးသရေတစ်မှတ်တော့ ယူပါလိမ့်မယ်။
မြောက်မက်ဆီဒိုးနီးယား – နယ်သာလန်(မြန်မာစံတော်ချိန် ဇွန်လ ၂၁ ရက် ည ၁ဝး၃၀ နာရီ)
မြောက်မက်ဆီဒိုးနီးယားက သြစတြီးယားနဲ့ပွဲမှာ ဘာမှ ထူးထူးခြားခြား လုပ်မပြနိုင်ခဲ့ဘူး။ သွင်းနိုင်ခဲ့တဲ့တစ်ဂိုးက သြစတြီးယား လက်ဆောင်ပေးလို့ရတဲ့သဘောမျိုးဖြစ်ပြီး တိုက်စစ်ပိုင်းက ဂိုးတစ်ဂိုးရဖို့တောင် တော်တော်ခက်တဲ့ အနေအထားပါ။ ဖရန့်ဒီဘိုးဝါးရဲ့အသင်းက ကြယ်(၅)ပွင့်အဆင့် ခြေစွမ်းပိုင်ရှင်ကစားသမားတွေ မပါပေမဲ့ ယူကရိန်းနဲ့ပွဲမှာတော့ ဒီလိုလူစာရင်းနဲ့တောင် ကောင်းကောင်းကစားနိုင်သေးတယ်ဆိုတာကို သက်သေပြခဲ့တယ်။ နယ်သာလန် ဂိုးပြတ်သွင်းပါလိမ့်မယ်။
ရုရှား – ဒိန်းမတ်(မြန်မာစံတော်ချိန် ဇွန်လ ၂၂ ရက် နံနက် ၁း၃၀ နာရီ)
ရုရှားရဲ့တိုက်စစ်ကစားပုံက တော်တော်လေး စိတ်ပျက်စရာကောင်းတယ်။ တိုက်စစ်မှာ ဂျူဘာကို အားကိုးပြီး ကစားနေပေမဲ့ အရမ်းလေးလွန်းပြီး ကွင်းလယ်နဲ့ ချိတ်ဆက်ကစားပုံအားမကောင်းလို့ အဆင်ပြေသလို ကစားနေရတာမျိုးပဲ တွေ့နေရတယ်။ ဒိန်းမတ်ကတော့ အဖွင့်ပွဲတုန်းက ဖင်လန်ကို အိမ်ကွင်းမှာ ကစားခဲ့ပြီး အခြေအနေမကောင်းခဲ့ဘူး။ ဒီပွဲလည်း အိမ်ကွင်းမှာ နိုင်ပွဲရဖို့ ခက်ခက်ခဲခဲကစားရဦးမှာပါ။ ဒါပေမဲ့ ဒီပွဲတော့ ဒိန်းမတ် ရလဒ်ကောင်းလိမ့်မယ်ထင်တယ်။
ဖင်လန် – ဘယ်လ်ဂျီယံ(မြန်မာစံတော်ချိန် ဇွန်လ ၂၂ ရက် နံနက် ၁း၃၀ နာရီ)
ဖင်လန်က ဒိန်းမတ်ကို မထင်မှတ်ဘဲ အနိုင်ရခဲ့ပေမဲ့ ရုရှားနဲ့ပွဲမှာတော့ ရှုံးပွဲတွေ့ခဲ့ပါတယ်။ ရုရှားခံစစ်ကို ထိုးဖောက်ဖို့ ခက်ခဲခဲ့ပြီး တစ်ဂိုးတည်းပေးခဲ့ရတာကလည်း ရုရှားတိုက်စစ်ရဲ့အားနည်းမှုကြောင့်ပါ။ ဘယ်လ်ဂျီယံအသင်းရဲ့တိုက်စစ်ကို ထိန်းချုပ်ဖို့အတွက်ကတော့ အခက်အခဲတွေအများကြီးရှိလိမ့်မယ်။ ဘယ်လ်ဂျီယံအသင်း လူစုံမထုတ်ဘဲကစားရင်တောင် အနိုင်ရမယ့်ပွဲမျိုးဖြစ်ပြီး (၃)ဂိုးလောက်တော့ သွင်းမှာပါ။