မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒေါ့မွန် အသင်းမှ အင်္ဂလန် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စား နေခဲ့တာ ၊ ချိတ်ဆက် နေခဲ့တာ အတော်လေး အချိန်တွေ ကြာမြင့်ခဲ့ပြီဆိုတာ အားလုံး အသိပဲ ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းကလည်း ယူနိုက်တက် တို့ဟာ အတော်လေး ကြိုးစားပြီး ကမ်းလှမ်းမှု အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပေမယ့် ဒေါ့မွန် အသင်းဖက်မှ အလိုရှိနေခဲ့သလောက် မပေးဆောင် လိုခဲ့တဲ့ အတွက် အကြိမ်တိုင်း ကမ်းလှမ်းမှု ပယ်ချခံခဲ့ရ ပါတယ် ။
ဒါပေမဲ့ ဒီနှစ် ဘောလုံး ရာသီ မှာတော့ ယူနိုက်တက် တို့ဟာ ကစားသမားကို အပြီးသတ် ခေါ်ယူလိုချင်ခဲ့ကြပြီး ဒီအတွက် ဒေါ့မွန် အသင်းဆီ ကမ်းလှမ်းမှု ၊ ညှိနှိုင်းမှုတွေကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ရာမှာ အခုတော့ သဘော တူညီမှု ရရှိသွားပြီလို့ သိရှိနေခဲ့ရ ပါတယ် ။
ဒါပေမဲ့ အချို့ သတင်းတွေကတော့ ယူနိုက်တက် တို့ဟာ ဆန်ချို အတွက် ပေါင် 72 သန်း + အပိုဆုကြေး ပေးချေဖို့ ကမ်းလှမ်းထားတယ်လို့ ဖော်ပြနေခဲ့ကြပြီး အချို့ကတော့ ပေါင် 72.9 သန်း + မြင့်မားတဲ့ လစာငွေ နဲ့ ကမ်းလှမ်းရင်း သဘော တူညီမှု ရနိုင်ခဲ့တယ်လို့ ဖော်ပြနေခဲ့ကြ ပါတယ် ။
ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ထွက်ပေါ် နေတဲ့ သတင်းတွေက ဒီနှစ်တော့ ဂျေဒန် ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ သေချာပေါက် ရောက်ရှိလာလိမ့်မယ်လို့ ညွှန်ပြ နေခဲ့ကြ ပါပြီ ။ အခုတော့ ယူနိုက်တက် ပရိသတ်တွေလည်း 50% ပျော်လို့ ရနေပါပြီ ။
အခုတော့ ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း ဖြစ်သူ ရီယို ဖာဒီနန် က အသင်းဆီ ရောက်လာတော့မယ့် ဂျေဒန် ဆန်ချိုကို အကြံပေးရင်း အမှာစကား အချို့ ကြိုတင် ပါးသွားခဲ့လိုက် ပါတယ် ။
” ကလပ် အသင်းနဲ့ ပတ်သက်လို့ ဒီကို ရောက်လာပြီဆိုရင် အရာရာတိုင်းဟာ ကြီးကျယ် ခမ်းနားသွားပြီလို့ မိမိကိုယ်ကို အသိပေးရပါ့မယ် ။ အလုပ်တွေသာ ကြိုးစားလိုက်ပါ ၊ ကျွန်တော် သူ့ကို ဒါပြောဖို့ လိုမယ်လို့ မထင်ပါဘူး ။ သူဟာ ဘောလုံးကို မြတ်နိုးသူ တစ်ဦးပဲလေ “
” အလုပ်တွေ ကြိုးစားရင်းနဲ့ ခင်ဗျား လုပ်ဆောင်နေတဲ့ အရာရာတိုင်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အောင်မြင်ဖို့ ၊ မိမိ စွမ်းနိုင်သမျှ အစွမ်းကုန် ကြိုးစားပေးနေတယ်ဆိုတာကို သေချာစေဖို့ အလေးထား လုပ်ဆောင်ရ ပါ့မယ် “
” ဘယ်အရာရဲ့ အနှောက်အယှက်ကိုမှ မခံစားမိပါစေနဲ့ ၊ ဘယ်လို အရာကြောင့်မှ အာရုံတွေ ထွေပြား မသွားမိစေပါနဲ့ ။ ကိုယ့်ပုံစံ အတိုင်းပဲ နေပါ ၊ ဖျော်ဖြေမှု တွေကို ပေးရင်းနဲ့ မင်း ဘာလဲ ၊ ဘယ်လို ကစားလဲ ဆိုတာကို ပြသနိုင်ဖို့ပဲ အလေးထား ကြိုးစားပါ “
” အသင်းဆီ ကိုယ်လုပ်ပြနိုင်တဲ့ အရာတွေပဲ ယူဆောင်လာခဲ့ပါ ။ ကျေးဇူးပြုပြီး အာရုံ စူးစိုက်မှု ပေးပါ ။ မင်းရဲ့ ခွန်အား တွေနဲ့ အာရုံ စူးစိုက်မှု တိုင်းက ဘောလုံး အပေါ်မှာပဲ ရှိနေပါစေ ကောင်လေးရေ ” လို့ ဖာဒီနန် က ဆန်ချို ဆီ အကြံပေး စကားပါးသွားခဲ့လိုက် ပါတယ် ။
လက်ရှိ အချိန်မှာတော့ ဂျေဒန် ဆန်ချိုဟာ ယူရို 2020 ပြိုင်ပွဲ ကစားဖို့ အင်္ဂလန် လက်ရွေးစင် အသင်းဆီ ရောက်ရှိနေပါတယ် ။ အခု အချိန်ထိတော့ သူဟာ ပွဲထွက် ကစားခွင့် မရရှိသေးပဲ ချက်နဲ့ ပွဲစဥ်မှာ မိနစ်ပိုင်း မျှသာ လူစားဝင် ကစားခွင့် ပိုင်ဆိုင်ထားခဲ့ပါသေးတယ် ။