ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက အသင်းကနေ ပြဿနာတက်ပြီးထွက်ခွာခဲ့ရပေမယ့် ချစ်မြတ်နိုးနေဆဲဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ရော်နယ်ဒိုဟာ ၂၀၂၂ နိုဝင်ဘာတုန်းက မော်ဂန်နဲ့အင်တာဗျူးမှာ တန်ဟက် နဲ့ ရန်နစ်တို့ကို ဝေဖန်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲ့နောက် ရက်ပိုင်းအကြားမှာ အသင်းကနေထွက်ခွာခဲ့ရတာဖြစ်ပြီး ဖာဒီနန်နဲ့အင်တာဗျူးမှာ ယူနိုက်တက်ကို ချစ်မြတ်နိုးနေဆဲလို့ အခိုင်အမာဖြေကြားခဲ့ပါတယ်။“ဘဝမှာ တခါတလေအချို့အချက်တွေက ထိန်းချုပ်လို့မရပါဘူး။ ဒါပေမယ့် အဲ့တာက ပြီးဆုံးခဲ့ပါပြီ။ ကျွန်တော်ထပ်ပြောပါတယ်။ ယူနိုက်တက်ကို ချစ်မြတ်နိုးနေဆဲဖြစ်ပြီး သူတို့အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ရော်နယ်ဒိုက ဖြေကြားခဲ့ပါတယ်။
အချို့ပရိသတ်တွေကတော့ ရော်နယ်ဒိုအနေနဲ့ အသင်းကိုချစ်မြတ်နိုးတာ မှန်ကန်တယ်ဆိုရင် ၂၀၂၂ တုန်းက အသင်းကနေမထွက်ခွာသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီသားထွက်ခွာခဲ့တာကြောင့် ယူနိုက်တက်ဟာ ဝီဟော့စ်ကို အငှားနဲ့ခေါ်ယူ အစားထိုးခဲ့ရပါတယ်။ လက်ရှိယူနိုက်တက်တိုက်စစ်မှာ ရော်နယ်ဒိုနေရာအတွက် အစားထိုးဖို့ခက်ခဲနေဆဲဖြစ်ပြီး တန်ဟက်လက်အောက်မှာ ယူနိုက်တက်အနေနဲ့ အက်ဖ်အေဖလား နဲ့ လိဂ်ဖလားအောင်မြင်မှုရယူထားနိုင်ခဲ့ပါတယ်။
အယ်လ်နာဆာစတားဟာ ခရိုအေးရှားနဲ့ပွဲမှာ ကစားသမားဘ၀ ဂိုးပေါင်း ၉၀၀ ပြည့်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီသားအနေနဲ့ ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ်မရှိသေးတာကြောင့် ဆက်လက်ပြီး သမိုင်းမှတ်တိုင်တွေစိုက်ထူနိုင်ဖွယ်ရှိနေပါတယ်။