အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်ကတော့ ယူနိုက်တက်အသင်းဘက်က ချိတ်ဆက်နေပေမယ့် နည်းပြလောကကနေ ခေတ္တအနားယူဦးမယ်လို့ ဆိုပါတယ်။
အခုနှစ်အစောပိုင်းတုန်းက ယူရိုမှာ စပိန်ကိုအရေးနိမ့်ပြီးနောက် ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းရာထူူးကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။
အဲ့ကတည်းက ယူအီးအက်ဖ်အေမှာ နည်းစနစ်ပိုင်းရှာဖွေသူအဖြစ် တာဝန်ယူနေပြီး ယူနိုက်တက်က တန်ဟက်နေရာအတွက် ချိတ်ဆက်နေပါတယ်။
ဒါပေမယ့်လည်း ဆောက်ဂိတ်က သူ့အနေနဲ့ နောက်ထပ် ၁ နှစ်လောက်အထိ နည်းပြအလုပ်ကိုလုပ်ဆောင်မှာမဟုတ်ကြောင်း ယူနိုက်တက်တာဝန်ရှိသူတွေကို အသိပေးခဲ့ပါတယ်။
“ကျွန်တော်လာမယ့်နှစ်အထိ နည်းပြအလုပ်လုပ်မှာမဟုတ်ပါဘူး။ သေချာပါတယ်။ ကျွန်တော် သေချာတာကိုပဲပြောပါတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကျွန်တော့်ကိုကျွန်တော် အချိန်ပေးဖို့လိုအပ်ပါတယ်။
ကျွန်တော့်အတွက် အဆင်ပြေတဲ့အနေအထားရောက်ပြီဆိုရင် နည်းပြအလုပ်ကို ပြန်လုပ်မှာပါ”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။
ဆောက်ဂိတ်ဟာ အနာဂတ်ကိုမဆုံးဖြတ်ခင်အထိ ယူအီးအက်ဖ်အေမှာ နည်းစနစ်ပိုင်းရှာဖွေသူအဖြစ် ဆက်လက်လုပ်ဆောင်ဖွယ်ရှိနေပါတယ်။