မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညကပဲ ရီးယဲ မက်ဒရစ် အသင်းရဲ့ ဗဟို နောက်ခံလူ ရာဖေး ဗာရာနီ ကို ခေါ်ယူဖို့ အတွက် ကြိုတင် သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြု ကြေငြာခဲ့ပါသေးတယ် ။ ဒါဟာ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ အထူး သတင်းကောင်း ပါပဲ ။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဟယ်ရီ မက်ဂွားယားနဲ့ တွဲဖက် ကစားစေဖို့ အတွက် ဗဟို ခံစစ်မှူး တစ်ဦး အလိုရှိ နေခဲ့တာ ကြာပြီပဲ ဖြစ်ပါတယ် ။ ဒီလို အချိန်မှာ ဗာရာနီလို ဗဟို ခံစစ် ကစားသမား တစ်ဦးကို ပေါင် 43 သန်း ဝန်းကျင်နဲ့ ရရှိလိုက်ခြင်းက အသင်း အတွက်ရော ပရိသတ်တွေ အတွက်ပါ အထူး သတင်းကောင်း ဖြစ်ခဲ့ရ ပါတယ် ။
အခုတော့ ယူနိုက်တက် ဂန္တဝင် ပေါလ် ပါကားက သူဟာ ဗာရာနီရဲ့ ခြေစွမ်းတွေကို အပါတ်စဥ် အပါတ်တိုင်း မမြင်ခဲ့ဖူးကြောင်း ၊ မက်ဂွားယားနဲ့ ပွဲတွေ အများကြီး တွဲဖက် ကစားစေဖို့ မျှော်လင့်ကြောင်း ၊ ဒါဟာ အသင်း အတွက် အောင်မြင်မှုတွေ ပြန်လည်ရဖို့ လမ်းစ တစ်ခု ဖြစ်နိုင်ပါစေလို့ မျှော်လင့်ကြောင်း သုံးသပ် ပြောကြားသွားခဲ့လိုက် ပါတယ် ။
” ကျွန်တော် သူ့ကို အပါတ်စဥ် အပါတ်တိုင်း စောင့်ကြည့်တာမျိုး မရှိခဲ့ပါဘူး။ ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ ဥရောပ ပြိုင်ပွဲတွေမှာတော့ သူ့ကို စောင့်ကြည့်ခဲ့ဖူးပါတယ် ။ ကျွန်တော် သူနဲ့ ပတ်သက်လို့ သတိထားမိတာတွေ အချို့တော့ ရှိနေခဲ့ရ ပါတယ် ”
” သူဟာ ရုပ်ပိုင်းဆိုင်ရာ ကောင်းလွန်းသူတော့ မဟုတ်ရပါဘူး ။ သူ နောက်ပြန် ပြေးတာ ၊ ဘောလုံး ဆယ်ယူတာမျိုး လိုအပ်ချက် ရှိနေပါတယ် ။ သူဟာ ခြားနားမှုတွေကို လုပ်နိုင်တဲ့ ကစားသမားပါလို့တော့ ကျွန်တော်ပြောချင်ပါတယ် ။ ဒါပေမဲ့ ရီးယဲ မက်ဒရစ် အသင်းမှာ သူဟာ ဆာဂျီယို ရာမို့စ် လို ကစားသမားမျိုးရဲ့ ဦးဆောင်မှု ၊ ကြီးမားတဲ့ လွှမ်းမိုးမှု အောက်မှာ ကစားခဲ့ရတယ်လေ ”
” ကျွန်တော့်ရဲ့ အတွေးတွေ မှားပါစေလို့ မျှော်လင့် နေပါတယ် ။ ကျွန်တော်တို့ဟာ ပိုမို တန်ဖိုးကြီးတဲ့ ဗစ်တာ လင်ဒီလော့ဖ်လို version မျိုးကို မြင်ချင်ကြတာပါ ။ ဗာရာနီ အနေနဲ့ ကွင်းထဲ ပြေးလွှားလှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အာရုံကို သိမ်းပိုက်ရပါ့မယ် ။ ပရိသတ်တွေက အဲ့ဒီလို ကစားသမားမျိုးကို မြင်ချင်ကြတာပါ ”
” ဗာရာနီဟာ ပွဲကြီးပွဲကောင်းတွေ အများကြီး ကစားခဲ့ဖူးသူပါ ။ သူဟာ အကောင်းဆုံးသော လက်ရွေးစင် အသင်းမှာလည်း ကစားခဲ့ဖူးသူပါ ။ သူဟာ တကယ့် အောင်မြင်မှုတွေလည်း ရယူထားနိုင်ခဲ့သူ တစ်ဦးပါပဲ ။ နောက် ရာသီကတော့ ဘယ်လိုမှ အလျှော့ပေးလို့ မရနိုင်တော့ပါဘူး ”
” အသင်းတိုင်း ကိုယ့်ရဲ့ အရည်အသွေးတွေကို ထုတ်ပြချင်ကြမှာပါ ။ ပရိသတ်တွေ ကလည်း တောင်းဆိုမှုတွေ ပိုများပြား လာကြပါလိမ့်မယ် ။ နောက်နှစ်တော့ ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို မြင်တွေ့ရပါလိမ့်မယ် ။ ဗာရာနီ အနေနဲ့ ဒါကို ကိုင်တွယ် ဖြေရှင်း နိုင်ပါစေလို့ မျှော်လင့်မိ ပါတယ် ”
” သူနဲ့ မက်ဂွားယားလည်း ပွဲစဥ်တွေ အများကြီး အတူ ကစားနိုင်ကြဖို့ မျှော်လင့်မိ ပါတယ် ။ သူတို့ရဲ့ ကစားပုံတွေက ဂိုးသမားနဲ့ ခံစစ် အစွန်လူတွေကို ပိုပြီး သက်သာ စေပါလိမ့်မယ် ။ အကယ်လို့ သူတို့သာ အကောင်းမွန်ဆုံး လုပ်ပြ နိုင်မယ်ဆိုရင် ယူနိုက်တက်ဟာ တစ်စုံတခု ( ဆုဖလား) ကို ယူဆောင်လာမဲ့ အခွင့်အရေး ပိုင်ဆိုင်ပါလိမ့်မယ် ” လို့ ပေါလ် ပါကား က ပြောခဲ့လိုက် ပါတယ် ။
နောက်ထပ် သတင်း သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ဂယ်ရီ လိုင်နီကာ ကတော့ ‘ အခု ၊ ဒါဟာ အရမ်းကို ကောင်းလွန်းတဲ့ ကစားသမား ခေါ်ယူမှု ပါပဲ ‘ လို့ လူမှုကွန်ယက် ဖြစ်တဲ့ တွစ်တာမှ တစ်ဆင့် သူ့ရဲ့ အတွေးတွေကို ဖော်ပြသွားခဲ့ပါသေးတယ် ။