ဘာစီလိုနာစတား အီနာဂိုမာတီနက်ဇ်က မိမိတို့အနေနဲ့ လူငယ်စတား ယာမဲလ်တစ်ယောက် လမ်းကြောင်းမှန်ပေါ်ဆက်ရှိနေဖို့ ကူညီပေးရမယ်လို့ ပြောကြားလိုက်ပါတယ်။
အသက် ၁၇ နှစ်သားဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဘောလုံးစင်မြင့်ပေါ်ရောက်လာခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းမှာ ပုံမှန်ကစားခွင့်ရလာခဲ့သလို နွေရာသီတုန်းက စပိန်အသင်းကို ယူရိုချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ယာမဲလ်ဟာ ဒီရာသီမှာလည်း ဘာစီလိုနာအတွက် ၁၁ ပွဲမှာ ၅ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးထားနိုင်ခဲ့ကာ ဖာဘရီဂတ်စ်က အခုအပတ်တုန်းက အင်တာဗျူးမှာ ကမ္ဘာ့အရည်အချင်းအရှိဆုံးကစားသမားတစ်ဦးလို့ ချီးကျူးခဲ့ပါတယ်။
“ယာမဲလ်မှာ အလားအလာအကောင်းတွေအများကြီးရှိနေတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်။ သူက ဖြည်းဖြည်းချင်း တိုးတက်လာနေတာပါ။ သူ့အရည်အချင်းကို ဆက်ထိန်းနိုင်အောင် စီနီယာတွေက ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်ပါတယ်။
ဘာလို့လဲဆိုတော့ လူငယ်ကစားသမားတွေကို နှောက်ယှက်ရတာက လွယ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ လမ်းကြောင်းမှန်ပေါ်မှာဆက်ရှိနေနိုင်ဖို့ ကူညီပေးရပါမယ်”လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာမှာ ယာမဲလ်အပြင် ၊ ကာဘာဆီ ၊ ဘလိတ် ၊ ဂါဗီ ၊ ပီဒရီ ၊ ကာဆာဒို နဲ့ ဘာနယ်တို့လည်းရှိနေပါတယ်။
“ကျွန်တော် နဲ့ လီဝန်တို့က စီနီယာတွေလို့ဆိုနိုင်ပါတယ်။ သူတို့ လမ်းကြောင်းမှန်ပေါ်ရှိနေအောင် ကူညီပေးရပါမယ်။ ကလေးတွေကလည်း အတွေ့အကြုံကောင်းတွေရှိနေကြပါပြီ။
သူတို့က ဘာစီလိုနာမှာကစားခွင့်ထက် ပိုပြီးထိုက်တန်တယ်ဆိုတာကို ပြသနေပါတယ်”လို့ မာတီနက်ဇ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ယာမဲလ်ဟာ နိုင်ငံအသင်းမှာ တံကောက်ကြောဒဏ်ရာရခဲ့တာကြောင့် အခုအပတ် ဆီဗီလာနဲ့ပွဲကို မသေချာသေးတာဖြစ်ပါတယ်။
ဆီဗီလာနဲ့ပွဲကို လွဲချော်ရင်တောင် ဘာစီလိုနာဘက်က လာမယ့်ဘိုင်ယန် ၊ ရီးရဲလ်နဲ့ပွဲတွေမှာ ယာမဲလ်ပါဝင်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။