ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါ့ဘာသည် PSG အသင်း၊ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါ့ဘာအနေဖြင့် ယင်းအသင်းများနှင့် ယခုတစ်ပတ်အတွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု အင်္ဂလန်သတင်းများကို ကိုးကားပြီး Football Italia က ဖော်ပြခဲ့သည်။
အေးဂျင့်ဖြစ်သူ ရိုင်ယိုလာ သေဆုံးသွားသော်လည်း သူတည်ထောင်ထားသည့် အေဂျင်စီက ပေါ့ဘာ၏အပြောင်းအရွှေ့အတွက် ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်။
အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ ပေါ့ဘာသည် မိခင်နိုင်ငံကလပ်အသင်း PSG သို့ ပြောင်းရွှေ့ရန်ထက် တူရင်မြေသို့သာ တစ်ကျော့ပြန်လာရန် အလေးသာနေသည်ဟု အီတလီမီဒီယာများက သုံးသပ်လျက်ရှိကြသည်။
၎င်းအနေဖြင့် ၂၀၁၂ ခုနှစ်က မန်ယူအသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဂျူဗင်တပ်စ်အသင်းသို့ ရောက်ရှိခဲ့ပြီး ၂၀၁၆ နွေရာသီတွင် မန်ယူအသင်းထံ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို(၁၀၅)သန်းဖြင့် ပြန်လည်ပြောင်းရွှေ့ ခဲ့သည်။
ပေါ့ဘာသာ ဂျူဗင်တပ်စ်သို့ ပြန်လည်ရောက်ရှိလာလျှင် ကလပ်အသင်းသမိုင်းကြောင်းတစ်လျှောက် အမြတ်အများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်မည်ဖြစ်သည်။
လက်ရှိတွင် ခြေသလုံးကြွက်သားဒဏ်ရာကြောင့် မန်ယူအသင်း၏ ပွဲစဉ်များနှင့် လွဲချော်နေရသူ ပေါ့ဘာသည် ဇွန်လ(၃၀)ရက်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုလိုသည့်ဆန္ဒလည်း မရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ပေါ့ဘာအနေဖြင့် မန်ယူအသင်းတွင် တစ်နှစ်လျှင် လစာငွေအဖြစ် ယူရို(၁၇)သန်းဝန်းကျင် ရရှိနေပြီး အခြားဥရောပအသင်းတစ်သင်းသင်းသို့ ပြောင်းရွှေ့ဖြစ်လျှင် လစာငွေကို လျှော့ယူရမည့်အနေအထားရှိနေသည်။
ဂျူဗင်တပ်စ်အသင်းသည် ပေါ့ဘာအား တစ်ပတ်လစာ ယူရို (၂၂၀၀၀၀)ဖြင့် ကမ်းလှမ်းထားပြီး အပိုဆုကြေးများမှာ လစာငွေထက် ပိုများလျက်ရှိကြောင်း သိရသည်။
ပေါ့ဘာသည် သူ၏အနာဂတ်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို လာမည့်အပြောင်းအရွှေ့ကာလအတွင်းရောက်မှသာ ချမှတ်ဖွယ်ရှိနေသည်။