အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က မီလန်ဒါဘီတွင် အချင်းများခဲ့သည့် အင်တာမီလန်တိုက်စစ်မှူး လူကာကူနှင့် မိမိအကြားတွင် ပုဂ္ဂိုလ်ရေးပြဿနာမရှိကြောင်း ပြောကြားခဲ့သည်။
မန်ယူတိုက်စစ်မှူးဟောင်းများဖြစ်သည့် လူကာကူနှင့် အီဘရာဟီမိုဗစ်တို့သည် ဇန်နဝါရီလ (၂၆)ရက်က ကစားခဲ့သည့် ကိုပါအီတာလီယာ ကွာတားဖိုင်နယ်ပွဲစဉ် အင်တာမီလန် (၂-၁) အေစီမီလန်ပွဲတွင် အချင်းများခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်၏ ပထမပိုင်းပြီးခါနီးတွင် နှစ်ဦးသား အချင်းများခဲ့ခြင်းဖြစ်ပြီး လူကာကူသည် အီဘရာဟီမိုဗစ်ကို ကြမ်းတမ်းသည့်စကားလုံးဖြင့် ဆဲဆိုခဲ့သလို၊ အီဘရာဟီမိုဗစ်ကလည်း လူကာကူကို လူမျိုးရေး ခွဲခြားမှုများပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ထို့ပြင် အီဘရာဟီမိုဗစ်သည် လူကာကူ၏ကစားပုံကို လူသိရှင်ကြား ဝေဖန်ခဲ့ဖူးသလို၊ ဖေဖော်ဝါရီ (၂၁)ရက်က ကစားခဲ့သည့် စီးရီးအေပွဲစဉ် အင်တာမီလန် (၃-၀) အေစီမီလန်ပွဲအပြီးတွင် လူကာကူက မိမိသာ နတ်ဘုရားဖြစ်သည်ဟု အော်ဟစ်ကာ အီဘရာဟီမိုဗစ်ကို လှောင်ပြောင်ခဲ့ဖူးသည်။
ထို့ကြောင့် အီဘရာဟီမိုဗစ်နှင့် လူကာကူတို့အကြားတွင် ပုဂ္ဂိုလ်ရေးပြဿနာများ ရှိနေလိမ့်မည်ဟု အီတလီမီဒီယာများက ဖော်ပြခဲ့ကြပြီး အီဘရာဟီမိုဗစ်က အဆိုပါသတင်းများကို ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
အီဘရာဟီမိုဗစ်က ”လူကာကူနဲ့ ကျွန်တော့်အကြားမှာ ပုဂ္ဂိုလ်ရေးပြဿနာ မရှိပါဘူး။ ကွင်းထဲမှာဖြစ်ခဲ့တဲ့ပြဿနာတွေက ကွင်းထဲမှာပဲ ပြီးသွားပါပြီ”ဟု ပြောကြားခဲ့သည်။
အသက် (၃၉)နှစ်အရွယ်ရှိ အီဘရာဟီမိုဗစ်သည် လက်ရှိတွင် ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေပြီး မတ်လ (၁၈)ရက်တွင် ကစားမည့် မန်ယူနှင့် ယူရိုပါလိဂ် (၁၆)သင်းအဆင့် ဒု-ကျော့ပွဲတွင် ပါဝင်ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။