PSG အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဘာပေက မိမိ၏အကြီးမားဆုံးအိပ်မက်မှာ လက်ရှိအသင်းနှင့် ချန်ပီယံလိဂ်ဖလားရယူရန်ဖြစ်သည်ဟု ကလပ်အသင်း၏ အင်တာဗျူးအစီအစဉ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ဘာပေသည် PSG အသင်းနှင့် ၂၀၂၂ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သက်တမ်းတိုးလိုခြင်းမရှိဟု တရားဝင်ပြောကြားခဲ့ခြင်းကြောင့် ယခုနွေရာသီတွင်ပင် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သော်လည်း ယခုစကားကြောင့် အနည်းဆုံးစာချုပ်သက်တမ်းကုန်သည်အထိ အသင်းတွင်ဆက်ရှိမည့်သဘောဖြစ်သွားခဲ့သည်။
အသင်းဖော် နေမာနှင့်အတူ ပြုလုပ်ခဲ့သည့်အင်တာဗျူးအစီအစဉ်တွင် အနာဂတ်ရည်မှန်းချက်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ဘာပေက “ကျွန်တော့်ရဲ့ အကြီးမားဆုံးအိပ်မက်ကတော့ PSG အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူဖို့ပါပဲ။ အဲဒီလိုဖြစ်ခဲ့ရင် စိတ်လှုပ်ရှားစရာကောင်းမှာပါ”ဟု ပြောကြားခဲ့သည်။
ထို့ပြင် လက်ရွေးစင်အသင်းနှင့်ပတ်သက်၍လည်း ကမ္ဘာ့ဖလားချန်ပီယံဆုကို နောက်တစ်ကြိမ်ရယူနိုင်ခဲ့လျှင်လည်း PSG နှင့် ချန်ပီယံလိဂ်ဖလားရသကဲ့သို့ ခံစားရလိမ့်မည်ဟု ပြောကြားခဲ့သည်။
ဘာပေသည် PSG အသင်းနှင့် သက်တမ်းမတိုးလိုတော့ဟု ပြောကြားခဲ့သော်လည်း PSG အသင်းက ၎င်းအား ပြောင်း ရွှေ့ကြေးအလွတ်ဖြင့် လက်မလွှတ်ရရန်အတွက် စည်းရုံးသိမ်းသွင်းမှု ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
ဘာပေကို ခေါ်ယူလိုသည့်အသင်းများထဲတွင် အလားအလာအကောင်းဆုံးဟု သတ်မှတ်ခံထားရသည့် ရီးယဲလ်အသင်းကမူ အခြေအနေကို စောင့်ကြည့်နေပြီး အပြောင်းအရွှေ့နောက်ဆုံးနေ့ရောက်မှ ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
ယင်းနေ့ရက်အထိ သက်တမ်းတိုးရန် သဘောတူညီမှု ရယူနိုင်ခြင်းမရှိပါက PSG အသင်းအနေဖြင့် ရသည့်ဈေးနှင့် ရောင်းထုတ် ရမည်ဟု ရီးယဲလ်အသင်းက ယူဆနေခြင်းဖြစ်ကြောင်းလည်း စပိန်မီဒီယာအချို့က သုံးသပ်ခဲ့သည်။
သို့သော် ဘာပေ၏ စကားအရမူ လာမည့်ရာသီ၌ PSG အသင်းတွင် ဆက်ရှိနေမည်ဖြစ်ပြီး ရာသီကုန်မှ အလွတ်ထွက်ခွာရန် ရည်ရွယ်ထားခြင်း ဖြစ်ဖွယ်ရှိနေသည်။