စပါးအသင်းနည်းပြ ကွန်တီက မိမိတို့အသင်း၏စီမံကိန်းမှာ ယခုမှ အစသာရှိသေးပြီး ရာသီသစ်တွင် ဆုဖလားအားလုံးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြုံးဝါးပြောကြားခဲ့သည်။
အသက် (၅၂) နှစ်အရွယ်ရှိ ကွန်တီသည် စပါးအသင်းကို ၂၀၂၁ နိုဝင်ဘာတွင် စတင်ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင်အဆင့်(၄)ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည်။
စပါးအသင်းသည် ယခုနွေတွင် ပါရီဆစ်၊ ဘစ်ဆူးမား၊ ဖရေဆာဖော်စတာ၊ ရစ်ချာလီဆန်နှင့် လွန်းဂလတ်တို့ကို ခေါ်ယူထားပြီး ကစားသမားသစ်များ ထပ်မံခေါ်ယူရန်လည်း ကြိုးပမ်းနေကြောင်း သိရသည်။
စပါးနည်းပြ ကွန်တီက မိမိတို့အသင်းမှာ တည်ဆောက်နေဆဲဖြစ်သော်လည်း ရည်မှန်းချက်ထားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
”အနိုင်ရဖို့က ခက်ခဲတယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုမှ ပြုပြင်ပြောင်းလဲမှုတွေစတင်တာဖြစ်ပြီး တစ်ချိန်တည်းမှာရည်မှန်းချက်ရှိဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့ ကစားသမားတွေ၊ အသင်းနဲ့ကိုက်ညီမယ့် ကစားသမားတွေကို အခုနွေမှာ ခေါ်ယူနိုင်ခဲ့တာကြောင့် တောင့်တင်းတဲ့လူစာရင်းကို ပိုင်ဆိုင်နေပါပြီ။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က ချန်ပီယံဆုတွေအတွက် ယှဉ်ပြိုင်နိုင်ဖို့နဲ့ တိုက်ပွဲဝင်နိုင်ဖို့ပါပဲ”ဟု ပြောကြားခဲ့သည်။