မန်ယူနှင့် အင်္ဂလန်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က မန်ယူအသင်းအနေဖြင့် ဆိုးလ်ရှားကို အနည်းဆုံး ယခုရာသီကုန်အထိ အသင်းနည်းပြအဖြစ် ဆက်ထားသင့်ကြောင်း ပြောကြားခဲ့သည်။
အသက် ၄၈ နှစ်အရွယ်ရှိ ဆိုးလ်ရှား သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် မန်ယူအသင်း၏ ယာယီနည်းပြအဖြစ် ဦးစွာခန့်အပ်ခံရပြီး ၂၀၁၉ ခုနှစ် မတ် ၂၈ ရက်တွင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။ လက်ရှိ မန်ယူအသင်းနှင့် ချုပ်ဆိုထားသည့် ဆိုးလ်ရှား၏စာချုပ်မှာ ၂၀၂၄ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။
သို့သော် ယခုရာသီတွင် မန်ယူအသင်း၏ခြေစွမ်းမှာ ကောင်းမွန်ခြင်း မရှိသည့်အတွက် အသင်းအားပေးသူ ပရိသတ်များသည် နည်းပြ ဆိုးလ်ရှားကို ရာထူးမှ ထုတ်ပယ်ကာ ၎င်း၏နေရာတွင် ထိပ်တန်း နည်းပြတစ်ဦးဦးဖြင့် အစားထိုးရန် တောင်းဆိုမှုများ ပြုလုပ်နေကြသည်။ သို့သော် မန်ယူ ကစားသမားဟောင်းများက ဆိုးလ်ရှားကို ထောက်ခံနေဆဲဖြစ်ပြီး ယခုအခါ ပေါလ်စခိုးလ်ကလည်း မန်ယူအသင်းအနေဖြင့် ဆိုးလ်ရှားကို အနည်းဆုံး ယခုရာသီကုန်အထိ အခွင့်အရေးပေးသင့်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပေါလ်စခိုးလ်က “မန်ယူအသင်းအနေနဲ့ ဆိုးလ်ရှားကို အခွင့်အရေးပေးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်၊ လေးနှစ်တာကာလအတွင်းက မန်ယူအသင်းကို ပြန်ကြည့်မယ်ဆိုရင် တုန်လှုပ်စရာကောင်း တဲ့ အနေအထားကို မြင်ရမှာပါ။ ဆိုးလ်ရှား မလာခင်တုန်းကလည်း မန်ယူအသင်းဟာ ကြည့်ချင်စရာကောင်းတဲ့အသင်း မဟုတ်ပါဘူး။ ဆိုးလ်ရှားအနေနဲ့ မန်ယူအသင်းကို ပြန်လည်တည်ဆောက်နေတာ နှစ်နှစ်၊ သုံးနှစ် လောက်ရှိပါပြီ။ ဒီရာသီအစ ပွဲစဉ် လေးပွဲ၊ ငါးပွဲလောက်မှာ မန်ယူအသင်းဟာ အရမ်းစိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။ နယူးကာဆယ်ကို (၄-၁)၊ လိဒ်စ်ကို (၅-၁)ဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။ ဆေိုးလ်ရှားအနေနဲ့ အခွင့်အရေးရသင့်ပါတယ်။ ဆိုးလ်ရှားအနေ နဲ့ ဆုဖလားတွေ ရယူနိုင်စွမ်းရှိကြောင်း သက်သေပြဖို့အတွက် အနည်းဆုံး ဒီရာသီကုန်အထိ မန်ယူအသင်း အခွင့်အရေးပေးသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
လက်စတာအသင်းကို (၄-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် မန်ယူအသင်းသည် ရှေ့လာမည့်ပရီးမီးယားလိဂ်ပွဲစဉ်များတွင် လီဗာပူးလ်၊ စပါးနှင့် မန်စီးတီးအသင်းတို့ကို ဆက်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။