ဖူလ်ဟမ်အသင်းကတော့ ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်ခဲ့တဲ့ ဘန်လေ ကွင်းလယ်ကစားသမား ဆန်ဒါဘာ့ချ်ကို ပြောင်းရွှေ့ကြေး ပေါင် (၂၅)သန်း (အပိုဆုကြေးများပါ အပါအဝင်)နဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရှိရပါတယ်။
ယူနိုက်တက်က ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား အူဂါတေးကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီနဲ့ သဘောတူညီမှု မရနိုင်သေးချိန်မှာပဲ ယူနိုက်တက်ရဲ့ ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဆန်ဒါဘာ့ချ်နဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ ပြန်လည် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဆွေးနွေးမှုတွေပါ ပြုလုပ်ခဲ့သေးတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ယူနိုက်တက်ကတော့ လက်ရှိမှာ အူဂါတေးကို ခေါ်ယူနိုင်ဖို့အတွက်ကိုသာ ဦးစားပေး လုပ်ဆောင်နေချိန် ကွင်းလယ်ပိုင်းအတွက် ကစားသမားသစ် ဖြည့်တင်းချင်နေတဲ့ ဖူလ်ဟမ်အသင်းက ဆန်ဒါဘာ့ချ်ကို ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့ရာ အခုဆိုရင် သဘောတူညီမှု ရရှိသွားခဲ့ပြီပဲ
ရှက်ဖီးက ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားချိန်မှာတော့ ဆန်ဒါဘာ့ချ်က ဘန်လေအသင်းဆီ ပြောင်းရွှေ့ခဲ့ပေမယ့် ဘန်လေကလည်း ချန်ပီယံရှစ်ဆီ ပြန်လည် တန်းဆငး်သွားခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဆန်ဒါဘာ့ချ်အနေနဲ့ ရှက်ဖီး ဘန်လေတို့ထက် ပိုမို အဆင့်မြင့်တဲ့ ဖူလ်ဟမ်အသင်းဆီ ရောက်ရှိတော့မှာမို့ သူရဲ့ ကစားသမားဘဝပါ မြင့်တက်လာဖွယ်လည်း ရှိနေပါတယ်။
ဖူလ်ဟမ်ကလည်း သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဂျာအို ပါလင်ညာကို ဘိုင်ယန်မြူးနစ်အသင်းဆီ ရောင်းချလိုက်ကတည်းက ကွင်းလယ်ပိုင်း ပြန်လည် ဖြည့်တင်းဖို့ လုပ်ဆောင်ခဲ့ရင်း ယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေးကို ဆက်တိုက် ပစ်မှတ်ထားခဲ့ပေမယ့် မခေါ်ယူနိုင်တော့လို့ အခုလို ဆန်ဒါဘာ့ချ်ကိုသာ ခေါ်ယူလိုက်ရတာလည်း ဖြစ်ပါတယ်။