spot_img

မန်ယူအသင်းတွင် ပေါ့ဘာဆက်ရှိရေးအတွက် ဘရူနိုဖာနန်ဒက်စ် တောင်းဆိုခဲ့ပြီး အသင်းအောင်မြင်မှုများရရန်အတွက် ၎င်းကိုလိုအပ်သည်ဟု ပြောကြားခဲ့

မန်ယူအသင်းတွင် အနာဂတ်လှုပ်ခတ်နေသော ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ အသင်း၌ဆက်ရှိနေစေရးအတွက် ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အသင်းတာဝန်ရှိသူများကို အင်တာဗျူးမှတစ်ဆင့် တောင်းဆိုခဲ့ပြီး အသင်းအောင်မြင်မှုများ ရရှိရန်အတွက် ပေါ့ဘာကိုလိုအပ်သည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ဇန်နဝါရီလတွင် မန်ယူအသင်းသို့ရောက်ရှိလာသော ဘရူနိုဖာနန်ဒက်စ်အနေဖြင့် အသင်းတွင် တစ်နှစ်ပြည့်တော့မည်ဖြစ်ရာ NBC Sports သတင်းဌာနက မန်ယူအသင်းတွင် သူဖြတ်သန်းခဲ့သော တစ်နှစ်တာအကြောင်းအရာများနှင့်ပတ်သက်၍ အင်တာဗျူးပြုလုပ်ခဲ့သည်။

myan789

ဖာနန်ဒက်စ်က ယင်းအင်တာဗျူး၌ ပေါ့ဘာနှင့် သူ၏အကြောင်းကို ထည့်သွင်းပြောကြားခဲ့ပြီး မန်ယူအသင်းအနေဖြင့် ပေါ့ဘာကို ဆက်လက်ထားရှိရန် လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

”ကျွန်တော်နဲ့ ပေါလ် (ပေါ့ဘာ)အကြား ဆက်ဆံရေးက အရမ်းကောင်းပါတယ်။ သူက အီတလီလိုပြောပြီး ကျွန်တော်လည်းအီတလီလို ပြောပါတယ်။ ကျွန်တော် ဒီကိုစတင်ရောက်ရှိလာချိန်တုန်းက သူ ဒဏ်ရာရနေပါတယ်။ ကျွန်တော်တို့ လေ့ကျင့်ခန်းလုပ်တော့ သူမပါနိုင်ပါဘူး။ ဒါပေမဲ့ သူ ပြန်ကစားနိုင်ချိန်မှာ ကျွန်တော့်ကို ဘယ်လိုထောက်ပံ့ပေးမယ်ဆိုတာ အမြဲပြောလေ့ရှိပါတယ်။ သူ့အနေနဲ့ ပုံစံကောင်းပြန်ရဖို့ ခက်ခက်ခဲခဲကြိုးပမ်းနေရပါတယ်။ ဒါပေမဲ့ သူခြေ စွမ်းပြန်ပြလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပြန်ရလာမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲတုန်းက သွင်းယူခဲ့တဲ့ဂိုးဟာ သူ့ကို ပိုပြီးယုံကြည်မှုရှိစေပါတယ်။ မန်ယူအသင်းဟာ သူ့ကို လိုအပ်နေဆဲဖြစ်ပြီး သူ့ရဲ့အရည်အသွေးတွေက ကျွန်တော်တို့အသင်းအောင်ပွဲတွေရဖို့ အကူအညီပေးမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ပေါ့ဘာနှင့် ဖာနန်ဒက်စ်တို့သည် မန်ယူအသင်းတွင် ပြိုင်ပွဲစုံ (၃၃)ပွဲအတူတွဲကစားဖူးပြီး ယင်းထဲမှ (၂၄)ပွဲကို ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်းသို့ရောက်ရှိလာသည့် တစ်နှစ်အတွင်း ပရီးမီးယားလိဂ်ပွဲ(၃၀)ကစားထားပြီး သူ၏ ဂိုးပါဝင်ပတ်သက်မှုမှာ (၃၃)ဂိုးအထိ (၁၉ ဂိုး သွင်းယူ+ ၁၄ ဂိုး ဖန်တီး) ရှိနေကြောင်းသိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် ပွဲ (၃၀)ကစားပြီး ဂိုးပါဝင်ပတ်သက်မှု အများဆုံးပြုလုပ်နိုင်သည့်ကစားသမားအဖြစ် ဘရူနိုဖာနန်ဒက်စ်ထက် ပိုမို စွမ်းဆောင်နိုင်သူမှာ တစ်ဦးသာရှိကြောင်း သိရှိရသည်။

၎င်းမှာ နယူးကာဆယ်၊ မန်ယူ၊ ဘလက်ဘန်းအစရှိသော အသင်းများတွင်ကစားခဲ့သည့် အင်္ဂလန်တိုက်စစ်မှူး အန်ဒီကိုးလ်ဖြစ်ပြီး ပထမဆုံးပရီးမီးယားလိဂ်ပွဲ(၃၀)ကစားအပြီးတွင် ဂိုးပါဝင်ပတ်သက်မှု (၃၇)ဂိုး (၂၈ ဂိုး သွင်းယူ+ ၉ ဂိုးဖန်တီး)အထိ ရှိခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသို့ ဘရူနိုဖာနန်ဒက်စ်ရောက်ရှိချိန်မှစ၍ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရမှတ်အများဆုံးရယူနိုင်သည့်အသင်းအဖြစ် မန်ယူအသင်းမှာ ထိပ်ဆုံးတွင် ဦးဆောင်နေကြောင်းလည်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular