ဒေါ့မွန်အသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ဟန်းစ်ယော်ကင်ဝေါ့ဇ်ကီက ယခုရာသီတွင် အသင်း၏ လူငယ်ကြယ်ပွင့်တောင်ပံကစားသမား ဆန်ချို၏ စွမ်းဆောင်ရည်ကျဆင်းနေခြင်းမှာ ပြီးခဲ့သည့်နွေရာသီက မန်ယူအ သင်းထံသို့ မပြောင်းရွှေ့ဖြစ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့သည်။
အင်္ဂလိပ်လူငယ်ကြယ်ပွင့်တစ်ဦးလည်းဖြစ်သည့် ဆန်ချိုသည် မန်ယူအသင်းထံသို့ ပြောင်းရွှေ့ဖြစ်လိမ့်မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး အမှန်တကယ်ဖြစ်မလာခဲ့ချေ။
မန်ယူအသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ်သည် ဆန်ချိုအား ခေါ်ယူလိုသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးကြောင့် ငွေကြေးအခက်အခဲများရှိနေသဖြင့် ဒေါ့မွန်အသင်းက တောင်းဆိုခဲ့သည့် ပေါင် (၁၀၈)သန်းကို ပေးချေနိုင်ခြင်းမရှိဘဲ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ခြင်းလည်းဖြစ်သည်။
ယခုအခါ ဝေါ့ဇ်ကီက “သူ မျှော်လင့်ထားတဲ့ အပြောင်းအရွှေ့ဖြစ်မလာတဲ့အတွက် စိတ်ပိုင်းဆို်င်ရာမှာ ပြဿနာအနည်းငယ်ရှိခဲ့ပါတယ်။ အခုတော့ သူ့ရဲ့စိတ်အခြေအနေကို ပြင်ဆင်နိုင်ခဲ့ပါပြီ။ အကောင်းဆုံး စိတ်ဓာတ်ပိုင်းအခြေအနေမရှိတဲ့အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ စက္ကန့်ပိုင်းလောက် နောက်ကျနေတာက သူ့ကို ခက်ခဲစေခဲ့ပြီး၊ အခု ပုံမှန် ပြန်ဖြစ်လာပါတယ်။ နောက်ထပ် (၂၊ ၃) ဂိုးလောက်သွင်းနိုင်ရင် သူ ပုံမှန် ပြန်ဖြစ်ပါပြီ”ဟု ပြောကြားခဲ့သည်။
အသက် (၂၀)နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုသည် ဒေါ့မွန်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၁၉)ပွဲတွင် (၅)ဂိုး သွင်းယူထားသည်။