ဒိန်းမတ်နာမည်ကျော်ကွင်းလယ်ကစားသမား အဲရစ်ဆင်က မန်ယူအသင်းသို့ ပြောင်းရွှေ့ခြင်းမှာ အသင်းအမှတ်တံဆိပ်ကြောင့် မဟုတ်ဘဲ ဘောလုံးကစားရန်အတွက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဲရစ်ဆင်နှင့် အေဂျက်စ်အသင်းမှ ပြောင်းရွှေ့လာသည့် နောက်ခံလူသစ် လီဆန်ဒရိုမာတီနက်ဇ်တို့သည် ဇူလိုင်လ ၂၆ ရက်က ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ အတူရောက်ရှိလာပြီး အသင်းနှင့် စတင်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် ဒီကို ဘောလုံးကစားဖို့အတွက်ပဲ လာချင်ပါတယ်။ အသင်း အမှတ်တံဆိပ်ကြောင့် မဟုတ်ပါဘူး။ ဘောလုံးကစားဖို့ လာတာပါ။ မန်နေဂျာနဲ့ စတင် စကားပြောခဲ့ပြီး သူ့ရဲ့စိတ်ကူးတွေကို ကြားသိရသလို၊ ဘောလုံးအကြောင်းတွေ ပြောပြီးချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီအသင်းဟာ အရမ်းကြီးကျယ်ခမ်းနားတဲ့အသင်းပါ။ ကြီးမားတဲ့ သမိုင်းကြောင်းရှိပြီး ဒီအသင်းရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ခွင့်ရတာက ချိုမြိန်စရာပါပဲ” ဟု အဲရစ်ဆင်က ကလပ်အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
ဇွန်လ ၃၀ ရက်က ဘရန့်ဖို့ဒ်အသင်းနှင့် ကာလတိုစာချုပ် ကုန်ဆုံးသွားသည့် အဲရစ်ဆင်သည် မန်ယူအသင်းသို့ သုံးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အဲရစ်ဆင်က စပါးအသင်းမှ ထွက်ခွာပြီးနောက် ပရီးမီးယားလိဂ်တွင် ပြန်ကစားရန်နှင့် အင်္ဂလန်သို့ပြန်လာပြီး မန်ယူအသင်းတွင် ကစားရန် မည်သို့မျှ မမျှော်လင့်ခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။