လီဗာပူး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က သူ့အနေနဲ့ အသင်းဟောင်းကို အေဗရာဟီမာ ကိုနာတေး ထက်စာရင် ရာဖေးဗာရန်းကို ဘာကြောင့် ခေါ်ယူစေချင်ခဲ့သလဲ ဆိုတာ ရှင်းပြသွားခဲ့ပါတယ်။ မန်ယူနိုက်တက်ဟာ ဗာရန်းအတွက် ရီးရဲယ်မက်ဒရစ် အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင့် မနေ့ညက အသင်းရဲ့ တရားဝင် ဝက်ဆိုက်ကနေ ကြေငြာသွားခဲ့ ပါတယ်။
ထွက်ပေါ်နေတဲ့ သတင်းများ အရ မန်ယူနိုက်တက်ဟာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တဲ့ ဗာရန်း အတွက် အပိုဆုကြေး အပါအဝင် ပြောင်းရွေ့ကြေး ပေါင် ၄၂ သန်း ပေးချေသွားရမယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ အိုးထရပ်ဖို့ဒ် ကလပ်နဲ့ ၄ နှစ်စာချုပ် ချုပ်ဆို သွားခဲ့ပြီး နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်နေပါတယ်။
ဒါဟာ မန်ချက်စတာ ကလပ်ရဲ့ ဒီနွေရာသီမှာ ဒုတိယမြောက် နာမည်ကြီး ကစားသမား ခေါ်ယူမှု ဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ယူနိုက်တက်ဟာ ဂျေဒွန်ဆန်ချိုကို ပေါင် ၇၃ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ လီဗာပူး အသင်းဟာ ယခုလ အစောပိုင်းမှာ RB လိုက်ပ်ဇစ် နောက်ခံလူ ကိုနာတေးကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက ပြသနာများစွာ ရှိခဲ့တဲ့ ဗဟိုခံစစ်ကို အားဖြည့်ထားခဲ့ ပါတယ်။
ဒီကစားသမား ၂ ဦးမှာ ဘယ်သူက ပိုကောင်းတဲ့ ခေါ်ယူမှု ဖြစ်မလဲ ဆိုတဲ့ မေးခွန်းကို ဂျွန်ဆင်က အကယ်၍ ကိုနာတေးသာ ကမ္ဘာ့ဖလားဆုရှင် ဗာရန်းထက် ပိုမို ကောင်းမွန်နေမယ် ဆိုရင် သူ့အနေနဲ့ အံ့အားသင့်မိမှာ ဖြစ်တယ်လို့ ဝန်ခံခဲ့ ပါတယ်။
ဂျွန်ဆင်က “ပရီးမီးယားလိဂ်မှာ ဗာရန်းကို Rank သတ်မှတ်လိုက်မယ် ဆိုရင် သူဟာ အကောင်းဆုံး ဗဟိုနောက်ခံလူတွေ ထဲက တစ်ဦး ဖြစ်နေမယ် ဆိုတာ အသေအချာ ပါပဲ။ သူဟာ နှစ်ပေါင်းများစွာ ထိပ်တန်း အဆင့်မှာ ရှိနေခဲ့သူ ဖြစ်ပြီး သူဟာ ငယ်ရွယ် ပါသေးတယ်။ ဝမ်ဘစ်ဆာကာဟာ အရမ်းကောင်းတဲ့ နောက်ခံလူ ဖြစ်ပါတယ်။ သူဟာ ဘောလုံးကိုင်ကစားတာတို့ တိုက်စစ်ကို ပံ့ပိုးတာတို့တော့ မကောင်းပေမယ့် သူဟာ အရမ်းကောင်းတဲ့ ခံစစ် ကစားသမား တစ်ဦးပါ။
လူ့ရှောကတော့ အကယ်၍ သူသာ ကြံ့ခိုင်မှု ပြည့်ဝနေမယ် ဆိုရင် တအားကောင်းတဲ့ ကစားသမားပါ။ သူဟာ တစ်ရာသီလုံး လုပ်ပြနိုင်မလား ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ သူဟာ မနှစ်က တအား ကောင်းခဲ့သလို ယူရိုမှာလည်း အထူး ခြေစွမ်းပြ ကစားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ တစ်ရာသီလုံး ဒီလိုမျိုး ကစားနိုင်ပမလား ဆိုတာ ကျွန်တော် မသိပါဘူး။
မက်ဂွိုင်းယားဟာ ခြေစွမ်း တက်လိုက် ကျလိုက်နဲ့ပါ။ ဒါပေမယ့် ဗာရန်းဟာ ခံစစ် ကျောက်ဆောင် ဖြစ်ပြီး တကယ် ကောင်းတဲ့ ကစားသမား တစ်ဦးပါ။ သူဟာ ဘောလုံးကို သိပ်ပြီး ကိုင်မကစားတက်ဘဲ ခံစစ်အတွက် အာရုံစိုက် ကစားတာတို့ အနီးဆုံးလူကို ဘောလုံး ပေးတာတို့ လုပ်ပါတယ်။ ဒါဟာ ကျွန်တော် မြင်ချင်တဲ့ ပုံစံပါ။” လို့ ဆိုလိုက်ပါတယ်။
ဆက်လက်ပြီး ဂျွန်ဆင်က “ဗာရန်းဟာ ကိုနာတေးထက် ပိုမို ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှု ဖြစ်ပါတယ်။ ဘာလို့ ဒီလို ပြောရသလဲ ဆိုတော့ ရိုးရိုးသားသား ပြောရရင် ကျွန်တော်ဟာ ကိုနာတေးရဲ့ ကစားပုံကို သိပ်အများကြီး မမြင်ဖူးလို့ပါ။ သူနဲ့ ပက်သက်ပြီး သိပ်အများကြီးလည်း မသိပါဘူး။ ဒါပေမယ့် ကိုနာတေးသာ ဗာရန်းထက် ပိုမို ကောင်းမွန်နေမယ် ဆိုရင်တော့ ကျွန်တော် အံ့အားသင့်မိမှာ အမှန်ပါပဲ။” လို့ ဆိုခဲ့ပါတယ်။