မိုနာကိုအသင်းရဲ့ ပြင်သစ် ကွင်းလယ်ခံစစ်ကစားသမားဖြစ်တဲ့ ယိုးဆွတ်ဖ် ဖိုဖားနားဟာ သူ့ကို ခေါ်ယူချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းထက် သူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားတဲ့ အေစီမီလန်အသင်းဆီကိုသာ ပြောင်းရွှေ့သွားဖို့သာ ဆန္ဒရှိလို့နေတယ်လို့ အီတလီ နာမည်ကျော် La Gazzetta dello Sport ကနေ ဖော်ပြလာခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အသင်း ကွင်းလယ်ပိုင်းအတွက် ပီအက်စ်ဂျီ ကွင်းလယ်လူ မန်နူရယ်လ် အူဂါတေးကို အဓိက ပစ်မှတ်ထားခဲ့ပြီး ကစားသမားနဲ့ပါ personal agreed လည်းရထားခဲ့ပေမယ့် ပီအက်စ်ဂျီက အူဂါတေးအတွက် သတ်မှတ်ထားတဲ့ တန်ကြေးဟာ များနေတယ်လို့ ယူဆတာကြောင့် အပြောင်းအရွှေ့က တန့်သွားခဲ့ရပါတယ်။
ဒါပေမယ့်လည်း ယူနိုက်တက်က ကွင်းလယ်ပိုင်းအတွက် မဖြစ်မနေ ကစားသမား ဖြည့်တင်းရမယ့် အခြေအနေ ဖြစ်နေတာကြောင့် ယူနိုက်တက်ဟာ အူဂါတေးအစား ဆိုစီဒက်က ဇူဘီမန်ဒီ ၊ မိုနာကိုက ဖိုဖားနား ၊ ဘန်လေက ဆန်ဒါဘာ့ချ် ၊ ဂျုဗင်တပ်စ် ကစားသမားဟောင်း ရာဘီအော့နဲ့ မနှစ်က အငှားနဲ့ ခေါ်ယူခဲ့တဲ့ အမ်မရာဘတ်တို့ကို ချိန်ရွယ်လာခဲ့ပါတယ်။
ဒီကစားသမားတွေထဲမှ ယူနိုက်တက်ဟာ ဆန်ဒါဘာ့ချ်နဲ့ ဖိုဖားနားတို့ကို ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ဆောင်လာခဲ့ပေမယ့် ဆန်ဒါဘာ့ချ်ကသာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်ပေမယ့် ဖိုဖားနားကတော့ သူနဲ့ သဘောတူညီမှု ရရှိထားတဲ့ အေစီမီလန်အသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေပါတယ်။
မိုနာကိုအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့တဲ့ ဖိုဖားနားကို စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းက စတင် လက်ဦးယူနိုင်ခဲ့တာဖြစ်ပြီး ဇူလိုင်လလောက်ကတည်းက ကစားသမားနဲ့ သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မီလန်က မိုနာကိုနဲ့ပါ သဘောတူညီမှု မရသေးတာကြောင့် ဒါကို ယူနိုက်တက်က ကြားဖြတ် ဝင်လာဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ မီလန်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့သူ ဘိုလော့ဂ်နာ တိုက်စစ်ကစားသမား ဂျိုရှုအာ ဇက်ခ်ဇီးကိုလည်း ကြားဖြတ် ခေါ်ယူနိုင်ခဲ့ပေမယ့် ဖိုဖားနားကတော့ သူကိုယ်တိုင် မီလန်အသင်းဆီသာ ပြောင်းရွှေ့ချင်နေတဲ့အတွက် ယူနိုက်တက်က ဖိုဖားနားအစား ဆန်ဒါဘာ့ချ် ဒါမှမဟုတ် တခြားသော ကွင်းလယ်ကစားသမားတွေကိုသာ ပြောင်းလဲ အာရုံစိုက်ရဖွယ် ရှိနေပါတယ်။