spot_img

မန်စီးတီးအသင်း၏ ငွေကြေးသုံးစွဲမှုကို ဝေဖန်ခဲ့သည့် ကလော့ပ်ကို ဂွါဒီယိုလာ တုံ့ပြန်ခဲ့ပြီး တရားရုံးတွင် တွေ့ကြရန် စိန်ခေါ်

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာသည် အသင်း၏ ငွေကြေးသုံးစွဲမှုများအပေါ် ဝေဖန်ခဲ့သည့် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်အား တုံ့ပြန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ပြီး မန်စီးတီးအသင်း၏ ငွေကြေးသုံးစွဲမှုများသည် စည်းကမ်းစည်းမျဉ်းများနှင့် မညီညွတ်ကြောင်း သံသယရှိပါက တရားရုံးတွင် တရားစွဲဆိုနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီအပြောင်းအရွှေ့ကာလတွင် ထိပ်တန်းအားဖြည့်မှုများ မပြုလုပ်သေးဘဲ ငွေကြေးသုံးစွဲမှုအပိုင်းတွင် အခြားထိပ်တန်း ပြိုင်ဘက်အသင်းကြီးများနှင့် ယှဉ်နိုင်စွမ်းမရှိ ဖြစ်နေသည်။

myan789

လီဗာပူးလ်အသင်းပိုင်ရှင်ဖြစ်သည့် FSG ကလည်း အသင်းအတွက် အပြောင်းအရွှေ့ဘတ်ဂျက် သတ်မှတ်ပေးခြင်းမရှိသည့် အနေအထားဖြစ်နေသည်။

ယင်းအတွက်ကြောင့် မီဒီယာများက မေးမြန်းခဲ့ရာတွင် ယာဂန်ကလော့ပ်က ချယ်လ်ဆီးအသင်းနှင့် မန်စီးတီးအသင်းတို့ကို ရည်ရွယ်ကာ ”ကျွန်တော်တို့အသင်းက ကိုယ့်အသင်းရရှိနေတဲ့ ဝင်ငွေထဲကပဲ ငွေကြေးသုံးစွဲဖို့ ခွင့်ပြုခံထားရတယ်။ သူတို့ကတော့ ဘာအကန့်အသတ်မှမရှိဘဲ ငွေကြေးသုံးစွဲနေကြတယ်”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် အက်စတွန်ဗီလာအသင်း၏ ကွင်းလယ်လူ ဂရီးလစ်ရှ်ကို ပေါင်သန်း (၁၀၀) သုံးကာ ခေါ်ယူခဲ့သလို၊ ချယ်လ်ဆီးအသင်းကလည်း တိုက်စစ်မှူးဟောင်း လူကာကူအား ပေါင် (၉၇.၅) သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဘဏ္ဍာရေးကျပ်တည်းနေကြသည့် ကာလအတွင်း အပြောင်းအရွှေ့ကြီးများ ပြုလုပ်နိုင်ခြင်းအပေါ် ကလော့ပ်က ဝေဖန်ခဲ့ခြင်းလည်းဖြစ်သည်။

ချယ်လ်ဆီးအသင်းဘက်က မှတ်ချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိသေးသော်လည်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကမူ ”တချို့အသင်းပိုင်ရှင်တွေက အမြတ်အစွန်းပဲ လိုချင်တာ။ ကျွန်တော်တို့ အသင်းပိုင်ရှင်တွေကတော့ ရတဲ့အကျိုးအမြတ်တွေကို မယူချင်ကြဘူး။ ဒါကြောင့် တချို့အသင်းတွေ ရင်းနှီးမြှုပ်နှံမှု မလုပ်တဲ့အချိန်မှာ ကျွန်တော်တို့က ကျွန်တော်တို့ လုပ်နိုင်သမျှအရာတွေကို လုပ်နိုင်ပါတယ်။ ဒီကာလတွေမတိုင်ခင်တုန်းက ပရီးမီးယားလိဂ်မှာ ငွေအများကြီး သုံးနိုင်တာ (၂)သင်းပဲရှိပြီး ချယ်လ်ဆီးကို ရိုမန် မရောက်သေးသလို၊ မန်စီးတီးကိုလည်း ရှိတ်မန်ဆော် မရောက်သေးဘူး။ အဲဒီအချိန်တုန်းက သူတို့လည်း အောင်မြင်မှုကို ငွေကြေးနဲ့ ဝယ်ခဲ့ကြတာပဲ။ ဘာပြဿနာ ရှိခဲ့သလဲ။ အခု အသင်းတိုင်းက ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်းနဲ့သွားနေပြီး ကျွန်တော်တို့ကလည်း အတိအကျလိုက်နာပါတယ်။ တကယ်လို့ ကျွန်တော်တို့ လုပ်နေတာတွေကို မကျေနပ်ဘူးဆိုရင် ကြေညာချက်ထုတ်ပြန်ပြီး တရားရုံးမှာ တရားစွဲနိုင်ပါတယ်။ ကျွန်တော်တို့ ဂရီးလစ်ရှ်ကို ပေါင်သန်း (၁၀၀) သုံးပြီး ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို ခေါ်နိုင်တာက ကစားသမားရောင်းချမှုကနေ ပေါင်သန်း (၆၀)ရခဲ့ပြီး၊ ကျွန်တော်တို့က ပေါင်သန်း (၄၀) စိုက်ထုတ်သုံးစွဲခဲ့ပါတယ်။ ကျွန်တော်တို့က စည်းမျဉ်းတွေအတိုင်းပဲ သွားခဲ့တာပါ။ အသင်းပိုင်ရှင်တွေက ငွေကြေးဆုံးရှုံးမှုတွေကို မလိုလားပါဘူး။ ဒါပေမဲ့ သူတို့ ရင်းနှီးမြှုပ်နှံဖို့အတွက်တော့ ဆန္ဒရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကစားသမားတွေ ခေါ်ယူနိုင်ပါတယ်။ အရင်က မန်ယူက ငွေအများကြီးသုံးပြီး အောင်မြင်မှုတွေရခဲ့ပါတယ်။ အဲဒီတုန်းက မန်စီးတီးက အခုလိုပိုင်ရှင်တွေမရှိသေးလို့ ငွေမသုံးနိုင်ခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular