၄ နှစ် နီးပါး ကြာခဲ့တဲ့ ပုံပြင် တစ်ပုဒ် ကတော့ အဆုံးသတ် သွားခဲ့ ပါပြီ ။ မန်ချက်စတာ ယူနိုက်တက် ဟာ ဂျေဒန် ဆန်ချို ကို မန်စီးတီး အကယ်ဒမီ ကနေ ထွက်ခွာဖို့ ပြင်ဆင် ချိန်ကတည်းက ချိတ်ဆက် ခဲ့တာ ဖြစ်ပေမယ့် အင်္ဂလန် လူငယ်လေးဟာ ဂျာမန်မြေကို စွန့်စားခန်း ထွက်သွားခဲ့ ပါတယ် ။ ဒေါ့မွန်မှာ ရှိနေချိန် မှာလည်း ယူနိုက်တက် ဟာ သူတို့ရဲ့ စိတ်၀င်စားမှုကို ရပ်တန့် မသွားခဲ့ ပါဘူး ။
အခုအချိန် မှာတော့ ဒီကြိုးစားမှုတွေ အရာထင်ခဲ့ ပါပြီ ။ အင်္ဂလန်နဲ့ ယူရို ပြိုင်ပွဲ၀င် နေတဲ့ ဆန်ချို ဟာ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ လာတော့မှာ ဖြစ်ကြောင့်း ဒေါ့မွန် ရော မန်ချက်စတာ ယူနိုက်တက်ပါ အတည်ပြု ထုတ်ပြန် သွားခဲ့ကြပါပြီ ။ နောက်ဆုံးတော့ ဆန်ချိုဟာ ယူနိုက်တက် ပရိသတ်တွေ ကို ပျော်စေခဲ့ ပါပြီ ။
ဆန်ချို ပြောင်းရွှေ့လာတော့မယ့် သတင်းနဲ့ အတူ ထွက်ပေါ် လာတာက ကျောနံပါတ် ကိစ္စ ပါပဲ ။ အရင် ကတည်းက ယူနိုက်တက် ပရိသတ်တွေဟာ ဂျေဒန် ဆန်ချို ကို ရိုနယ်ဒို ၊ ဘက်ခမ်း ၊ ကန်တိုနာ တို့ရဲ့ ဂန္ထ၀င် နံပါတ် 7 ရဲ့ ဆက်ခံသူ အဖြစ် ရှုမြင်ထားပြီး ဆန်ချို ဟာ ရိုနယ်ဒို နောက်ပိုင်း ကျိန်စာသင့်နေတဲ့ နံပါတ် 7 ကို ပြန်လည် တောက်ပလာအောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည် ထားခဲ့ကြပါတယ် ။
ဒါပေမယ့် မနှစ်က PSG ကနေ ပြောင်းရွှေ့ လာတဲ့ တိုက်စစ်မှူးကြီး ကာဗာနီ ဟာ နံပါတ် 7 ကို ၀တ်ဆင် ကစားခဲ့ပြီး အောင်မြင်တဲ့ ရာသီ တစ်ခုကို ဖြတ်သန်း နိုင်ခဲ့ ပါတယ် ။ ယူရဂွိုင်း ( ဥရုဂွေး ) တိုက်စစ်မှူးကြီး ဟာ ယူနိုက်တက် အတွက် ပြိုင်ပွဲ အရပ်ရပ်မှာ အရေးပါတဲ့ ဂိုးတွေကို သွင်းပေးခဲ့ပြီး ရိုနယ်ဒို နောက်ပိုင်း စွမ်းဆောင်ရည် အကောင်းဆုံး နံပါတ် 7 ဖြစ်လာခဲ့ ပါတယ် ။
ဒါကြောင့် ဆန်ချို ယူနိုက်တက် ကို ရောက်လာတဲ့ အခါမှာ ကျောနံပါတ် 7 က ပိုင်ရှင် ရှိပြီးသား ဖြစ်နေတာကြောင့် အခြားနံပါတ် တစ်ခု ကို ရွေးချယ် ရမလား ၊ သတင်းထွက်နေ သလို နံပါတ် 7 ကိုပဲ ပိုင်ဆိုင်ရမလား ဆိုတာ စိတ်၀င်စားစရာ ဖြစ်လာခဲ့ ပါတယ် ။
နံပါတ် ၇ ၀တ်ရမယ် မ၀တ်ရဘူး ဆိုတာ ကတော့ အီဒီဆင် ကာဗာနီ အပေါ်မှာ မူတည်နေ နိုင်ပါတယ် ။ ကာဗာနီ သာ နံပါတ် 7 ကို လွှဲပေးဖို့ ဆန္ဒ မရှိဘူး ဆိုရင် ဆိုးရှား အနေနဲ့ အတင်းအကြပ်လုပ်ဖို့ မဖြစ်နိုင်ပါဘူး ။ ဆိုးရှား ဟာ ကစားသမားတွေနဲ့ ဆက်ဆံရေးကို အလေးထားသူ ဖြစ်တာကြောင့် မော်ရင်ဟို လက်ထက်တုန်းက ဇလာတန် – မာရှယ် တို့ရဲ့ နံပါတ် ၉ ပြဿနာလိုမျိုး ထပ်မံ မဖြစ်ပွားအောင် နော်ဝေသားကြီး သတိထားသွားမှာပါ ။
ဒီနေရာမှာ အလှည့်အပြောင်း တစ်ခု ရှိနိုင်ပါတယ် ။ အကယ်၍သာ အန်တိုနီ မာရှယ် အသင်းက ထွက်သွား ဖြစ်မယ် ဆိုရင်တော့ ကာဗာနီ က ကျောနံပါတ် ၉ ကို ၀တ်ဆင်ကစားပြီး ဆန်ချို ကို နံပါတ် 7 ပေးအပ် သွားဖို့ စိတ်ကူး လာနိုင်ပါတယ် ။ ဒီလိုမှ မဟုတ်ရင်လည်း ဂရင်းဝုဒ် က နံပါတ် ပြောင်း၀တ်ရပြီး ဆန်ချို က ရိုင်ယန်ဂစ် ရဲ့ နံပါတ် ၁၁ ကို ဆက်ခံသူ ဖြစ်လာနိုင်ချေလည်း ရှိနေပါတယ် ။
လတ်တလော မှာတော့ ကျောနံပါတ်တွေထဲမှာ နံပါတ် ၈ ( စာချုပ်ပြည့်သွားသည့် မာတာ ၏ နံပါတ် ) ၊ ၁၂ ၊ ၁၃ ၊ ၁၆ ၊ ၂၂ ၊ ၂၄ ၊ ၂၅ ၊ ၂၈ ၊ ၃၀ တို့ လစ်လပ်နေပါတယ် ။ တကယ်လို့ ဆန်ချို အနေနဲ့ နံပါတ် 7 ကို မရခဲ့ဘူး ဆိုရင်တော့ မာတာ ရဲ့ နံပါတ် ၈ ၊ ကာရစ် နဲ့ ရွိုင်ကင်း တို့ ၀တ်ဆင် ခဲ့ဖူးတဲ့ နံပါတ် ၁၆ တစ်ခုခု ကို ရွေးချယ် သွားဖို့ ရှိနေပါတယ် ။
ဘယ် နံပါတ် ကို ရွေးချယ်ခဲ့ရင်ပဲ ဖြစ်ဖြစ် ဂျာစီတွေ ရောင်းအားကောင်းမှာကတော့ အသေအချာပါပဲ ။