spot_img

မည်သည့်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်သည့် စွမ်းဆောင်ရည်ရှိသည်ဟု မန်ယူနည်းပြ တန်ဟက်ဂ် ကြုံးဝါး

မန်ယူအသင်း၏နည်းပြ အဲရစ်တန်ဟက်ဂ်က မိမိတို့၏ခြေစွမ်းမှာ တစ်သမတ်တည်းမရှိသော်လည်း မည်သည့်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်သည့် စွမ်းဆောင်ရည်ရှိသည်ဟု ကြုံးဝါးပြောကြားခဲ့သည်။

မန်ယူအသင်းသည် အင်္ဂါနေ့(ယနေ့)တွင် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရရှိမှသာ နောက်တစ်ဆင့်တက်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။

myan789

အိမ်ကွင်းတွင် ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့ပါက ယူရိုပါလိဂ်သို့ပင် ကူးပြောင်းယှဉ်ပြိုင်ခွင့်ရတော့မည်မဟုတ်ဘဲ ယခုရာသီ ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့် အဆုံးသတ်သွားမည်ဖြစ်သည်။

ယင်းအခြေအနေတွင် မန်ယူအသင်းအနေဖြင့် နောက်ဆုံးယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်၌ ဘုန်းမောက်အသင်းကို အိမ်ကွင်းတွင် ဂိုးပြတ်ရှုံးနိမ့်ထားခြင်းကြောင့် စိုးရိမ်စရာဖြစ်နေသည်။

သို့သော် အဲရစ်တန်ဟက်ဂ်က ”ကျွန်တော်တို့ရဲ့ခြေစွမ်းက တစ်သမတ်တည်း မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ စွမ်းဆောင်ရည်ကောင်းတွေ ရှိပါတယ်။ ကျွန်တော်တို့ မှန်ကန်တဲ့ စိတ်ဓာတ်ပိုင်းသာရှိခဲ့ရင် ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ဥရောပမှာ ဆက်ရှိဖို့ အနိုင်ရမှဖြစ်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီလိုလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ပြသခဲ့ပြီးပါပြီ။ ကျွန်တော်တို့ လုပ်နိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

မန်ယူအသင်း၏ ကွင်းလယ်ကစားသမား တွမ်မီနေးကလည်း သတင်းများ ထွက်ပေါ်နေသကဲ့သို့ မန်ယူအသင်းတွင် နည်းပြနှင့် ကစားသမားများအကြား စိတ်ဝမ်းကွဲပြားမှုရှိမနေဘဲ ကစားသမားအားလုံး တန်ဟက်ဂ်ကို ထောက်ခံနေကြောင်း ပြောကြားခဲ့သည်။

ပြိုင်ဘက် ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ်တူဟယ်လ်ကမူ မန်ယူနှင့်ပွဲအပေါ် ”မန်ချက်စတာမှာ ကစားရမယ့်ပွဲက အမြဲတမ်းပွဲကြီးပွဲကောင်းပါပဲ။ သူတို့က ရင်ဖိုစရာကောင်းတဲ့ အသင်းကြီးတစ်သင်းပါ။ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ သူတို့ အကောင်းဆုံးပုံစံမရောက်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular