တန်ခိုးရှင်တစ်ယောက်ယောက်ကများ အခုအချိန်မှာ မက်ဆီကို ကစားသမားဘဝမှာ ဘာအလိုချင်ဆုံးလဲ၊ ဘာအလိုအပ်ဆုံးလဲ။ ဖြည့်ဆည်းပေးပါမယ်လို့ မေးလာခဲ့ရင် မက်ဆီရဲ့အဖြေက အာဂျင်တီးနားအသင်းနဲ့ ချန်ပီယံဆုရချင်ပါတယ်။ အဲဒီအတွက် လိုအပ်သောခွန်အားများ ပေးသနားပါလို့ တောင်းဆိုလိမ့်မယ်ထင်တယ်။ ဟုတ်တယ်။ ခုချိန်မှာ မက်ဆီအတွက် အလိုချင်ဆုံးနဲ့ အလိုအပ်ဆုံးက နိုင်ငံအသင်းနဲ့ အောင်ပွဲရယူနိုင်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။ မက်ဆီအတွက် ကလပ်အသင်းနဲ့ အောင်ပွဲတွေအစုံစုံရယူနိုင်ခဲ့ပေမဲ့ နိုင်ငံအသင်းအတွက် ဆုဖလား အရမယူပေးနိုင်သေးတာက အကြီးမာဆုံးသောအမည်းစက်တစ်ခုလို ဖြစ်နေတယ်။ ဒီအတွက်ကြောင့်လည်း သူ့နိုင်ငံ အာဂျင်တီးနားနိုင်ငံသားတချို့ရဲ့ ငြူစူဝေဖန်ကဲ့ရဲ့မှုကိုတောင် ခံခဲ့ရတယ်။ သူ့အရင် အာဂျင်တီးနားရဲ့ ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာနဲ့ မယှဉ်နိုင်သေးသလို ဖြစ်နေခဲ့ရတယ်။ လက်ရှိ (၂၁)ရာစု မက်ဆီနဲ့မဟာပြိုင်ဘက်တစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒိုတောင် သူ့နိုင်ငံပေါ်တူဂီအတွက် ယူရိုချန်ပီယံဆုဖလား တစ်လုံးအရယူပြပေးခဲ့ပြီး မက်ဆီထက် နှာတစ်ဖျားသာသွားခဲ့ပြီ။ မက်ဆီကတော့ အခုချိန်ထိ နိုင်ငံအသင်းကြီးနဲ့ ပြစရာဆိုလို့ ဘာချန်ပီယံဖလားတစ်လုံးမှကို မရှိသေးဘူး။ ဆုဖလားတွေနား လက်တစ်ကမ်းအကွာထိပဲ ရောက်နိုင်ခဲ့ပြီး ဒုတိ ယဆိုတဲ့နေရာနဲ့ပဲ နှစ်သိမ့်နေရတာက မက်ဆီအ တွက်၊ သူ့ပရိသတ်တွေအတွက် အားနည်းမှုလို ဖြစ်နေခဲ့ရတယ်။ မက်ဆီရဲ့ မပြည့်သေးတဲ့ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ သူ့အသက်အရွယ်အရလည်း အခွင့်အရေးက တဖြည်းဖြည်းလျော့နည်းလာနေပြီ မဟုတ်လား။ ဒီတော့ သူ့ကစားသမားဘဝအတွက် မပြည့်သေးတဲ့ဆန္ဒတစ်ခုကို ပြည့်ဝစေနိုင်ဖို့အတွက် ဒီတစ်ကြိမ် ကိုပါအမေရိကပြိုင်ပွဲမှာ အောင်မြင်ရေးဆိုတာက အရေးအကြီးဆုံးဖြစ်လာတာတော့ အမှန်ပဲ။ မက်ဆီကိုယ်တိုင်လည်း ဒီတစ်ကြိမ်ပြိုင်ပွဲအတွက် အတော်လေးကို အားခဲထားမှာလည်း သေချာတယ်။ ပြီးခဲ့တဲ့ရာသီမှာ ကလပ်အသင်း ဘာစီလိုနာနဲ့ မက်ဆီတစ်ယောက် သိပ်ပြီးအောင်မြင်မှုမရခဲ့ဘူး။ သူတစ်ဦးချင်းအတွက်ဆို ပြောစရာ သိပ်မရှိလှပေမဲ့ ကလပ်အသင်းအတွက်တော့ မက်ဆီတစ်ယောက် လိုအပ်သလောက် မလုပ်ပေးနိုင်ခဲ့ဘူး။ ပြည်တွင်းစပိန်ဘုရင့်ဖလားတစ်လုံး လောက်နဲ့ပဲကျေနပ်ခဲ့ရပြီး လာလီဂါမှာအဆင့် (၃) နေရာရောက်သွားခဲ့သလို ချန်ပီယံလိဂ်မှာလည်း ရှုံးထွက်အဆင့်ကပဲ စောစောစီးစီးထွက်ခဲ့ရတာက မက်ဆီအတွက် ရှုံးနိမ့်မှုကြီးခဲ့တယ်လို့တောင် ပြောလို့ရတယ်။ ဒါကြောင့်လည်း နိုင်ငံအသင်းအတွက် ပိုပြီးပေးဆပ်ပြရင်း မရဘူးသေးတဲ့ ချန်ပီယံဆုကို အရယူနိုင်ရေးက မက်ဆီရဲ့အပြင်းပြဆုံးသော ဆန္ဒတစ်ခုပဲဖြစ်လိမ့်မယ်။ တကယ်လို့များ ကိုပါအမေရိကမှာပါ နိုင်ငံအသင်းနဲ့ အောင်မြင်မှုမယူနိုင်ခဲ့ဘူးဆိုရင်တော့ ဒီတစ်နွေဟာ မက်ဆီအတွက် မပျော်မရွှင်နဲ့ အကြီးအကျယ်ဆုံးရှုံးလိုက်ရတဲ့ နွေ ဖြစ်သွားတော့မှာပဲဖြစ်တယ်။
မက်ဆီကတော့ လက်ရှိကစားနေရသေးတဲ့ တောင်အမေရိကဇုန်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကြားမှာပဲ ကိုပါအမေရိကပြိုင်ပွဲနဲ့ပတ်သက်လို့ သူ့အသင်းအာဂျင်တီးနားအပေါ် ယုံကြည်မျှော်လင့်ခြင်းတွေထားကြောင်း ထုတ်ပြောထားတယ်။ မက်ဆီအတွက် အလိုချင်ဆုံး၊ အလိုအပ်ဆုံး အောင်ပွဲတစ်ခုရဖို့ အာဂျင်တီးနားရဲ့ လက်ရွေးစင်ကစားသမားတွေဆီက ပူးပေါင်းပံ့ပိုးပေးနိုင်မှုအတိုင်းအတာကိုပါ မက်ဆီတစ်ယောက် မျှော်လင့်ချက်တွေအပြည့်ရှိနေပုံပဲဆိုတာလည်း သူ့စကားတွေက ဖော်ပြနေတယ်။ မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအတွက် ချိုမြိန်သောအောင်ပွဲတစ်ခုဆီ တကယ်အရောက်လှမ်းနိုင်၊ မလှမ်းနိုင်ဆိုတာကိုလည်း မကြာမီမှာပဲ တွေ့ရတော့မှာ ဖြစ်တယ်။ ဒီရာသီအတွက် ကိုပါအမေရိကပြိုင်ပွဲကလည်း အရွှေ့အပြောင်းအလှုပ်အခတ်တွေများခဲ့တယ်။ ပုံမှန် ၂၀၂၀ မှာ ကစားရမယ့်ပြိုင်ပွဲကို ကိုဗစ်ကြောင့် တစ်နှစ်အကြာ ၂၀၂၁ ကို ရွှေ့ခဲ့ရ တယ်။ တကယ်ပြိုင်ပွဲကစားခါနီးမှာလည်း အိမ် ရှင်အတွက် အပြောင်းအလဲတွေဖြစ်ခဲ့သေးတယ်။ ပုံမှန်အိမ်ရှင်လုပ်ရမယ့် အာဂျင်တီးနားနဲ့ ကိုလံဘီယာနိုင်ငံတို့ထဲမှာ ကိုလံဘီယာနိုင်ငံက နိုင်ငံရေးအရှုပ်အထွေးတွေကြောင့် ပြိုင်ပွဲကိုလက်မခံနိုင်တော့လို့ အာဂျင်တီးနားမှာပဲ ကျင်းပဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ အာဂျင်တီးနားမှာလည်း ကိုဗစ် ပြဿနာကြောင့် နောက်ဆုံးမှာ ပြိုင်ပွဲလက်ရှိချန်ပီယံ ဘရာဇီးလ်နိုင်ငံကို အိမ်ရှင်အဖြစ် ရွေးလိုက်တယ်။ အဲဒီမှာပဲ ကိုဗစ်ဒဏ်ခံနေရသေးတဲ့ ဘရာဇီးလ်မှာ ကစားရမလားဆိုပြီး ဘရာဇီးလ်လက်ရွေးစင်ကစားသမားတွေရဲ့ ပြဿနာလုပ်ခြင်းကိုခံရတဲ့အထိ ဒီတစ်ကြိမ်ပြိုင်ပွဲက အတော်လေးကို အလှုပ်အခတ်များခဲ့တယ်။ ဒီကြားထဲ တစ်နှစ်ကျော် ရွှေ့ဆိုင်းခဲ့ရတဲ့ပြိုင်ပွဲကြောင့် ဖိတ်ကြားခံခဲ့ရတဲ့ သြစတြေးလျနဲ့ ကာတာနိုင်ငံတွေ ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့ကြလို့ တခြားအိမ်ရှင်လုပ်ပေးမယ့် ကြားနိုင်ငံတွေများရှိမလား ကမ်းလှမ်းခဲ့ရသေးတယ်။ ဒါပေမဲ့ ဖြစ်မလာခဲ့လို့ နောက်ဆုံးတော့ တောင်အမေရိကနိုင်ငံ (၁၀)နိုင် ငံတည်း သီးသန့်ကစားရတော့မယ့် ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့တယ်။ ဒါဟာ ၁၉၉၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်လာတဲ့ တောင်အမေရိက (၁၀)သင်းရဲ့ သီးသန့်ပြိုင်ပွဲလည်းဖြစ်တယ်။ ဒီ (၁၀)သင်းကို မြောက်ပိုင်းဇုန်နဲ့ တောင်ပိုင်ဇုန်ဆိုပြီး (၅)သင်းဆီအုပ်စုအဆင့်အဖြစ် ခွဲကစားစေခဲ့တဲ့အခါ မက်ဆီရဲ့ အာဂျင်တီးနားက တောင်ပိုင်း ဇုန်မှာ ပါဝင်ခဲ့တယ်။
အာဂျင်တီးနားရဲ့ တောင်ပိုင်းဇုန်ပြိုင်ဘက်အသင်းတွေက ဘိုလစ်ဗီးယား၊ ဥရုဂွေး၊ ပါရာဂွေး နဲ့ ချီလီအသင်းတွေဖြစ်ပြီး မာကျောကျစ်လျစ်တဲ့ အသင်းတွေချည်းပါပဲ။ မက်ဆီကတော့ နည်းပြ စကာလိုနီ ဦးဆောင်နေတဲ့ သူ့အသင်းအာဂျင်တီး နားဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ အဆင်သင့်ရှိနေလိမ့်မယ်လို့ ကောင်းကောင်း ယုံကြည်နေပုံပါပဲ။ မက်ဆီက ပြောတယ်။ သူတို့အားလုံး သိပ်ကိုစိတ်လှုပ်ရှားနေကြပြီး ပြိုင်ပွဲမှာ အကောင်းဆုံးလုပ်ပြနိုင်ဖို့ အားလုံးဆာလောင်နေကြတယ်လို့ ဆိုတယ်။ ပြီးခဲ့တဲ့ ကိုပါအမေရိကနောက်ဆုံးပြိုင်ပွဲမှာ သူတို့အသင်း ပုံစံကောင်းပြနိုင်ခဲ့ပေမဲ့ အောင်မြင်မှုမရခဲ့လို့လည်း အားလုံးဝမ်းနည်းခဲ့ရပါတယ်လို့လည်း ဆက်ပြောခဲ့တယ်။ နောက်ဆုံးကစားထားတဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ ဘရာဇီးလ် ချန်ပီယံဖြစ်ခဲ့ပြီး တတိယနေရာလုပွဲကစားကာ တတိယနေရာပဲ ရယူနိုင်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး အာဂျင်တီးနားအသင်းဟာ တဖြည်းဖြည်းတိုးတက်မှုတွေ ရှိလာနေပြီး ဒါကိုလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပြသထားနိုင်ခဲ့ပြီလို့ မက်ဆီက သူ့အသင်းအပေါ် ယုံကြည်စွာ ဆက်ပြောခဲ့တယ်။ မက်ဆီက ”ကျွန်တော်တို့မှာ သိပ်ကောင်းတဲ့အစုအဖွဲ့တစ်ခုရထားပါပြီ။ ဒါဟာ အရေးကြီးပါတယ်။ ဒီအစုအဖွဲ့နဲ့ရှေ့မှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြဖို့ ကျွန်တော်တို့အားလုံး စောင့်နေကြပါပြီ’လို့ဆိုတယ်။ မက်ဆီရဲ့ စကားတွေအရ မက်ဆီ ဟာ နည်းပြ စကာလိုနီအပေါ် ယုံကြည်မှုတွေထားခဲ့သလို စကာလိုနီလက်ထက် အသင်းအတွက်ခေါ် ယူခဲ့တဲ့ မျိုးဆက်သစ်လူငယ်ကစားသမားတွေကလည်း ခြေစွမ်းခြေစမသေးတဲ့ ကစားသမားတွေ ဖြစ်ပြီး ခုဆိုအဲဒီမျိုးဆက်သစ်ကစားသမားလေးတွေနဲ့ အသင်းမှာကျန်နေသေးတဲ့ စီနီယာကစားသမားတွေကြားမှာ ညီညွတ်တဲ့အသင်းတစ်သင်းအဖြစ် တဖြည်းဖြည်းစုစည်းမိလာပြီလို့လည်း သိရတယ်။ လက်ရှိအချိန်မှာတော့ နည်းပြ စကာလိုနီဟာ သူ့အသင်းကို ခုထက်ပိုပြီး ဟန်ချက်ညီသထက်ညီလာအောင် ပုံသွင်းပေးနေတယ်။
စကာလိုနီလက်ထက်ခေါ်ယူခဲ့တဲ့လူငယ် ကစားသမားစုကိုကြည့်ရင်လည်း လက်ရှိကလပ်အသင်းတွေမှာ ခြေစွမ်းပြနေနိုင်သူတွေများလို့ စကာလိုနီဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အသင်းကို ကစားသမားအစုံနဲ့ ကစားကွက်ပုံစံမျိုးစုံ စမ်းသပ်နိုင်ခွင့်ရထားတာက အားသာမှုလိုဖြစ်နေတယ်။ လက်ရှိအချိန်အထိတော့ ကိုပါအမေရိကပြိုင်ပွဲအတွက် လူစာရင်းမထုတ်ပြန်ရသေးပေမဲ့ ကြားမှာကစားထားခဲ့ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေဖြစ်တဲ့ ချီလီ၊ ကိုလံဘီယာနဲ့တွေကလည်း လာမယ့်ကိုပါအမေရိကပြိုင်ပွဲအတွက် အကောင်းဆုံးခြေသွေးပွဲတွေအဖြစ် ရှိနေခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နည်းပြစကာလိုနီက တော့ သူ့အသင်းကို အတောင့်တင်းဆုံးနဲ့အ ကောင်းဆုံးအသင်းဖြစ်အောင် ဖွဲ့စည်းတည် တောက်မှာ သေချာတယ်။ ဒီအသင်းကိုကွင်းအ တွင်း ဦးဆောင်ပြရမယ့်သူကမက်ဆီ၊ လက်ရှိ အာဂျင်တီးနားကိုကြည့်ရင်တော့ မက်ဆီ၊ အဂွဲရိုး၊ ဒီမာရီယာ၊ အော်တာမန်ဒီတို့လောက်ပဲ စီနီယာ ကစားသမားတွေအဖြစ် ပါဝင်ကစားနေကြပြီး ကျန်ကစားသမားအများစုက လူငယ်၊ လူလတ်တွေများတယ်။ အထူးသဖြင့် အီတလီအခြေစိုက်ကလပ်အသင်းတွေမှာ ကစားနေကြပြီး ခြေစွမ်းပါ ပြနိုင်ကြတဲ့ကစားသမားအများစုကို အာဂျင်တီးနားအသင်းမှာ မြင်တွေ့ခွင့်ရဖို့များနေတယ်။ မက်ဆီအပါအဝင် အာဂျင်တီးနားအသင်းဟာ လောလောဆယ်မှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲ တွေကစားရင်း ကိုပါအမေရိကအတွက် ပြင်ဆင်ရင်း ခြေစစ်ပွဲရလဒ်နဲ့ခြေစွမ်းတွေကိုလည်း မက်ဆီကတော့ ကျေနပ်နေတယ်။ လောလောဆယ် ကိုလံဘီယာနဲ့ကစားခဲ့တဲ့ ခြေစစ်ပွဲအထိစုစုပေါင်း ခြေစစ်ပွဲ (၆)ပွဲကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ မှစပြီး (၈)လအတွင်းကစားထားရာမှာ ရှုံးပွဲမရှိ၊ (၃)ပွဲနိုင်၊ (၃)ပွဲသရေကျထားတဲ့ရလဒ်တွေအရ ဆိုရင်လည်း အာဂျင်တီးနားရဲ့ အခြေအနေက မဆိုးလှဘူးလို့ပြောနိုင်တယ်။ ဒါပေမဲ့ အဲဒီ (၆)ပွဲ မှာ တိုက်စစ်က (၉)ဂိုးသာရပြီး (၅)ဂိုးပြန်ပေးထားရတဲ့ အနေအထားအရတော့ အားနည်းချက်တွေ ရှိနေသေးတာကို လက်ခံရမယ်။ ဒါကလည်း နည်းပြရဲ့ နည်းဗျူဟာနဲ့ နည်းစနစ်ပိုင်းတွေနဲ့ သက်ဆိုင်နေနိုင်လို့ အသင်းရဲ့အခြေအနေက တော့ မျှော်လင့်ထားလို့ရနိုင်လိမ့်မယ်လို့ပဲ ထင်တယ်။ မက်ဆီကတော့ ဒီပြိုင်ပွဲအပေါ် မျှော်လင့်ချက်တွေ အများကြီးထားထားမှာ သေချာတယ်။ မက်ဆီက ‘ကျွန်တော်တို့တွေ နိုင်ငံအသင်းမှာ ကစားရတာကိုက အမြဲတမ်းဂုဏ်ရှိစရာပါ။ ကျွန်တော်တို့တွေအားလုံး နိုင်ပွဲတွေရချင်ကြပါတယ်။ ဒါဟာ အားလုံးရဲ့ ပန်းတိုင်တစ်ခုလည်းဖြစ်ပါတယ်။ အသင်းမှာရှိတဲ့လူငယ်တွေနဲ့ အတွေ့အကြုံရှိကြတဲ့သူတွေအားလုံး အတူပူးပေါင်းပြီး ပန်းတိုင်ဆီ အမှန်တကယ်ရောက်နိုင်ဖို့ ကြိုးစားသွားကြမှာပါ’လို့ဆိုပါတယ်။