အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက မက်ဆီအား အသက် ၃၉ နှစ်ရှိမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ကစားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
”ပထမဆုံးအနေနဲ့ ကျွန်တော်တို့ သူ့ အတွက် ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့်ရအောင်လုပ်ဖို့ လိုပါတယ်။ သူသာ ဆက်ကစားချင်သေးတယ်ဆိုရင် ကျွန်တော်တို့နဲ့အတူ ရှိနေမှာပါ။ အာဂျင်တီးနားအတွက် ဆက်ကစားချင်သေးလား၊ မကစားတော့ဘူးလားဆိုတာ သူ့ရဲ့ဆုံးဖြတ်ခွင့်ဆိုတာထက် ပိုတယ်လို့ ကျွန်တော် ထင်တယ်။ သူ့ရဲ့ကစားသမားဘဝအတွက် သူလုပ်ချင်တာကို လုပ်ရမှာပါ။ သူနဲ့ အသင်းဖော်တွေကို နည်းပြခွင့်ရတာ အရမ်းဝမ်းသာပါတယ်”ဟု ၎င်းက ဆိုသည်။
ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးရရှိပြီးနောက် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကလည်း လက်ရွေးစင်အဖြစ်မှ အနားမယူသေးဘဲ ဆက်လက်ကစားဦးမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
မက်ဆီသည် လက်ရှိအချိန်တွင် အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး အာဂျင်တီးနားအသင်းအတွက် ပွဲအများဆုံး (၁၇၂ ပွဲ) နှင့် ဂိုးအများဆုံး (၉၈ ဂိုး) ကစားသမားအဖြစ် ရပ်တည်နေသည်။
၎င်းအနေဖြင့် ကစားသမားဘဝအမြင့်ဆုံးအောင်မြင်မှုအဖြစ် ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့ပြီဖြစ်သော်လည်း ဆက်လက်ကစားဦးမည်ဖြစ်ကြောင်း အာဂျင်တီးနားအခြေစိုက် TyC Sports ရုပ်သံသို့ ပြောကြားသည်။
”ကျွန်တော်က ကိုပါအမေရိကနဲ့ ကမ္ဘာ့ဖလားကို အချိန်တိုအတွင်းမှာပဲ ရရှိခဲ့တယ်။ လက်ရွေးစင်အသင်းအတွက် ကစားပေးရတာကို ကျွန်တော် နှစ်သက်ပါတယ်။ ကမ္ဘာ့ ချန်ပီယံအနေနဲ့ နောက်ထပ်ပွဲနည်းနည်းလောက် ကျွန်တော် ကစားချင်သေးတယ်။ ခင်ဗျားတို့နဲ့အတူ ပျော်ရွှင်ဖို့ ဒီဆုဖလားကို အာဂျင်တီးနားဆီ သယ်ဆောင်သွားမှာပါ။ ဒါက အားလုံးရဲ့ ငယ်ဘဝအိပ်မက်ပါပဲ။ ဒီဖြတ်သန်းမှုတစ်လျှောက်မှာ အရာအားလုံးရခဲ့တာက ကျွန်တော် ကံကောင်းလို့ပါ။ ဒီဆုဖလားကလည်း ပျောက်ဆုံးနေတဲ့တစ်ခုပါ။ ဒါက ရူးလောက်စရာပါပဲ။ သူ့ (ဆုဖလား)ကို ကြည့်လိုက်ပါဦး။ သူက အရမ်းလှတယ်။ ကျွန်တော် သူ့ကို အရမ်းလိုချင်ခဲ့တာပါ။ ဒီလိုဖြစ်လာမယ်ဆိုတဲ့အတွေးမျိုး ကျွန်တော့်မှာ ရှိနေခဲ့တယ်။ သူက တဖြည်းဖြည်းချင်းနီးလာတာပါ။ ကျွန်တော်တို့ အခက်အခဲတွေကြုံခဲ့ရပေမဲ့ ဒါကို ရခဲ့ပါပြီ။ ကျွန်တော့်ကစားသမားဘဝကို ဒီဆုဖလားနဲ့ ပိတ်သိမ်းချင်ခဲ့တာပါ။ တခြားအရာပေးဖို့ ထပ်မတောင်းချင်ပါဘူး။ ဘုရားရဲ့ ကျေးဇူးကိုလည်း ချီးမွမ်းပါတယ်။ သူက ကျွန်တော့်ကို အရာအားလုံး ပေးခဲ့တာပါ”ဟု မက်ဆီက ဗိုလ်လုပွဲအပြီးတွင် ပြောကြားသည်။