ဖီနာဘာချီအသင်းမှ ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးလ်၏ အေးဂျင့်ဖြစ်သူက ၎င်း၏ ကစားသမားသည် ဘောလုံးသမားဘဝမှ အနားယူပြီးလျှင် eSports လောကသို့ ဝင်ရောက်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
အိုဇေးလ်သည် အာဆင်နယ်မှ ဖီနာဘာချီသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသလို၊ (၃၃)နှစ်ရှိပြီဖြစ်သောကြောင့် ကစားသမားဘဝမှ အနားယူရန် စဉ်းစားနေပြီဖြစ်ကြောင်း သိရသည်။
အိုဇေးလ်သည် စည်းကမ်းပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် ဖီနာဘာချီအသင်း၏ လူစာရင်းမှ ဖယ်ရှားခံထားရခြင်းကြောင့်လည်း အနားယူရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။ အေးဂျင့်ဖြစ် သူက “သူ eSports လောကထဲ ပိုပြီးဝင်ရောက်လာမှာပါ။ ကိုယ်တိုင်ဝင်ကစားပြီး eSports ကစားသမားတစ်ဦးအဖြစ် ရပ်တည်သွားနိုင်ပါတယ်။ သူ တစ်နေ့နေ့မှာ eSports ဝင်ပြိုင်နေမယ်ဆိုရင် ကျွန်တော် အံ့သြမှာမဟုတ်ပါဘူး။ သူ့မှာ M 10 eSports ဆိုတဲ့ ကိုယ်ပိုင်အသင်းလည်း ရှိပါတယ်။ ဂျာမနီမှာ ဂိမ်းကစားတဲ့ခန်းမလည်း ပိုင်ဆိုင်ထားပါတယ်” ဟု ပြောကြားခဲ့သည်။