အာဆင်နယ်အသင်း၏ တိုက်စစ်မှူး ဟောင်း သီယာရီအွန်နရီသည် ဘုန်းမောက်အသင်း၏ နည်းပြသစ်လျာထားစာရင်းတွင် ပါဝင်လာကြောင်း သိရသည်။
လိဂ်ချန်ပီယံရှစ်ကလပ် ဘုန်းမောက်အသင်းသည် ဖေဖော်ဝါရီလဆန်းပိုင်းတွင် နည်းပြ တင်ဒေါလ်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး လက်ရှိအချိန်၌ ဝုဒ်ဂိတ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားသည်။
ဝုဒ်ဂိတ်သည် ဘုန်းမောက်အသင်း၏ တရားဝင်နည်းပြအဖြစ် ခန့်အပ်ခံရရန် မျှော်လင့်နေသော်လည်း ဘုန်းမောက်အသင်းက ပရိသတ်များကြား ထင်ရှားကျော်ကြားသူကိုသာ ခန့်အပ်ရန် ပိုမိုဆန္ဒရှိနေကြောင်း သိရသည်။
ဘုန်းမောက်အသင်းသည် ရှော်လ်ကေးနည်းပြဟောင်း ဝက်ဂ်နာနှင့် အက်စတွန်ဗီလာအသင်း၏ လက်ထောက်နည်းပြ ဂျွန်တယ်ရီတို့ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ပစ်မှတ်ထားခဲ့သလို၊ လက်ရှိအချိန်တွင် အွန်နရီကိုလည်း ချိန် ရွယ်လာခြင်းဖြစ်ကြောင်း သိရသည်။
ဗြိတိန်မီဒီယာများ၏ အဆိုအရ ဘုန်းမောက်အသင်းသည် လက်ရှိအချိန်တွင် အွန်နရီနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။
အွန်နရီသည် လက်ရှိတွင် မေဂျာလိဂ်ကလပ် မွန်ရီယဲလ်အသင်းကို ကိုင်တွယ်နေသော်လည်း အင်္ဂလန်ဘောလုံးလောက၌ ခြေချရန် ဆန္ဒရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။