ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် မန်စီးတီး၊ လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းတို့သည် ဘိုင်ယန်မြူးနစ်အသင်းမှ ပြင်သစ်တောင်ပံကစားသမား ကင်စလေကိုးမန်းကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ချယ်လ်ဆီးအသင်းက အင်္ဂလန်တောင်ပံကစားသမား အိုဒွိုင်းနှင့် အလဲအထပ်လုပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
ကင်စလေကိုးမန်း(၂၅ နှစ်)သည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)ဝန်းကျင်ရရှိပါက ဘိုင်ယန်မြူးနစ်အသင်းက ရောင်းထုတ်ဖွယ်ရှိကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းက ကင်စလေကိုးမန်းကို အသင်း၌ ရေရှည်ထားရှိလိုသော်လည်း စာချုပ်သစ်ကမ်းလှမ်းမှုကို လက်မခံပါက ရောင်းထုတ်ရန်စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
၎င်းကို မန်စီးတီးနှင့် လီဗာပူးလ်တို့က ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း တရားဝင်ကမ်းလှမ်းမှုပြုလုပ်ရန် အလားအလာများနေသည့်အသင်းမှာ ချယ်လ်ဆီးအသင်း ဖြစ်သည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ထားကြသည်။
ချယ်လ်ဆီးအသင်းသည် တိုက်စစ်ပိုင်းကို ပြင်ဆင်မှုပြုလုပ်ရန် စီစဉ်နေပြီး အိုဒွိုင်းကို နည်းပြ တူဟယ်လ်က သဘောကျခြင်းမရှိသည့်အတွက် အလဲအထပ်ပုံစံဖြင့် ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီ အပြောင်းအရွှေ့လှုပ်ရှားမှုများ၌ ကစားသမားအလိုက်ပေးကမ်းလှမ်းခြင်းနည်းလမ်းကို အသုံးပြုနေလျက်ရှိရာ ဟော်လန်းအား ခေါ်ယူရန် ကြိုးပမ်းရာတွင်လည်း အိုဒွိုင်းကို အလိုက်ပေးကမ်းလှမ်းခဲ့ဖူးသည်။
ယခု ကင်စလေကိုးမန်းကို ခေါ်ယူရန်အတွက်လည်း အိုဒွိုင်းကို ထပ်မံအသုံးချရန် စီစဉ်နေခြင်းဖြစ်သည်။
ထို့ ကြောင့် အိုဒွိုင်းအနေဖြင့် ချယ်လ်ဆီးအသင်းတွင် ဆက်ရှိရန် မသေချာတော့ဘဲ အပြီးသတ်ခေါ်ယူလိုသည့်အသင်း မရှိလျှင်ပင် အငှားချခံရဖွယ်ရှိနေကြောင်း သိရသည်။