PSG အသင်း၏နည်းပြ အန်နရီကေးက အသင်းမှထွက်ခွာတော့မည့် ပြင်သစ်တိုက်စစ်မှူး ဘာပေသည် အသင်းအတွက် အရာအားလုံးပေးအပ်ခဲ့သူဖြစ်ပြီး ၎င်းနှင့်အတူ တစ်နှစ်တာဖြတ်သန်းခဲ့ရ၍ ဂုဏ်ယူသည်ဟု ပြောကြားခဲ့သည်။
PSG အသင်း၏ ကြယ်ပွင့်ကစားသမား ဘာပေသည် ရာသီကုန်၌ လမ်းခွဲတော့မည်ဖြစ်ကြောင်း မေ (၁၀) ရက် ညပိုင်းတွင် အတည်ပြုကြေညာခဲ့သည်။ ဘာပေက ၎င်း၏ဆုံးဖြတ်ချက်အကြောင်းပြောကြားထားသည့် ဗီဒီယိုဖိုင်ကို Instagram၊ X စသည့် လူမှုကွန်ရက်များတွင် တင်ထားသည်။ (၃)မိနစ်၊ (၅၁) စက္ကန့်ကြာမြင့်သည့် အဆိုပါဗီဒီယိုတွင် ဘာပေက လမ်းခွဲမည့်ဆုံးဖြတ်ချက်ကို ကြေညာရခြင်းမှာ အလွန်ခက်ခဲသော်လည်း စိန်ခေါ်မှုအသစ်လိုအပ်သဖြင့် ယခုလို ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း၊ PSG မှာ ဘဝတစ်လျှောက်လုံး အမှတ်ရနေမည့်အသင်းဖြစ်ပြီး ပွဲစဉ်တိုင်းကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။
“အချိန်တန်ရင် ခင်ဗျား (ပရိသတ်တွေ) နဲ့ စကားပြောမယ်လို့ ကျွန်တော် အမြဲတမ်းပြောဖူးပါတယ်။ ဒါက PSG အသင်းမှာ ကျွန်တော့်ရဲ့ နောက်ဆုံးနှစ်ပါ။ ကျွန်တော် သက်တမ်းမတိုးတော့ပါဘူး။ ဒီစွန့်စားခန်းက ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အဆုံးသတ်ကို ရောက်လာတော့မှာပါ။ ခံစားချက်တွေက အများကြီးပါပဲ။ လွန်ခဲ့တဲ့နှစ် အများကြီးမှာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ပြင်သစ်ရဲ့အကြီးကျယ်ဆုံးကလပ်မှာ အဖွဲ့ဝင် အဖြစ်ပါဝင်ဖို့ အခွင့်အရေးရခဲ့တဲ့အတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဒါက ခက်ခဲပါတယ်။ အခုလိုကြေညာဖို့ ဒီလောက်အထိခက်ခဲမယ်လို့ ကျွန်တော် မတွေးမိဖူးဘူး။ ဒါပေမဲ့ (၇)နှစ်အကြာမှာတော့ စိန်ခေါ်မှုအသစ်တစ်ခု လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီလိုထိပ်တန်း ကလပ်နဲ့ လက်မှတ်ရေးထိုးခွင့်ရခဲ့ပြီး အခိုက်အတန့်အားလုံးကို ကျွန်တော် နောင်တမရပါဘူး။ ဒီအသင်းက ကျွန်တော့်ဘဝတစ်လျှောက်လုံး အမှတ်ရနေမယ့် ကလပ်ပါ။ ကျွန်တော်က ကစားသမား မဟုတ်တော့ပေမဲ့ ပွဲစဉ်တိုင်းကို ကြည့်ဖြစ်မှာပါ။ ဒီ(၇)နှစ်အတွင်းမှာ အကောင်းဆုံးပုံစံကို ပေးနိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ ခင်ဗျား (ပရိသတ်တွေ)ကို ကျေးဇူးတင်တယ်လို့ ကြိုပြောချင်ပါတယ်။ ဘာလို့ လဲဆိုတော့ ခင်ဗျားတို့အားလုံးမရှိရင် ကျွန်တော်ခံစားရတဲ့ ခံစားချက်မျိုး တစ်ဝက်လောက်တောင် ဘယ်တော့မှ ခံစားရမှာမဟုတ်ပါဘူး။ အဲဒီအတွက် ဘဝတစ်လျှောက်လုံး ကျေးဇူးတင်နေမှာပါ။ ဒီနှစ်ကို နောက်ဆုံးဖလားတစ်လုံးနဲ့ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ချန်ထားနိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး ခင်ဗျားက ကျွန်တော့်နှလုံးသားထဲ မှာ ထာဝရရှိနေမယ်လို့ ယုံကြည်ပါတယ်။ နှုတ်ဆက်ပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။
ဘာပေ (၂၅ နှစ်) သည် မည်သည့်အသင်းထံ ပြောင်းရွှေ့မည်ကို ဖွင့်ဟခြင်းမရှိသေးသော်လည်း ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရထားပြီဖြစ်ကြောင်း ဖေဖော်ဝါရီကတည်းက သတင်းများထွက်ပေါ်လျက်ရှိပြီး (၅)နှစ်စာချုပ် ချုပ်ဆို၍ တစ်နှစ်လစာ ယူရို (၁၅)သန်းနှင့် လက်မှတ်ထိုးကြေး ယူရိုသန်း (၁၅၀) ရဖွယ်ရှိကြောင်း သိရသည်။
PSG နည်းပြ အန်နရီကေးကမူ ဘာပေသည် ပြောင်းရွှေ့မည့်အသင်းကို ပြောကြားခြင်းမရှိသေးသော်လည်း အားလုံးက ရှင်းလင်းစွာသိထားပြီးဖြစ်သည်ဟု ဆိုခဲ့သည်။ ထို့ပြင် ၎င်းက “သူ့ကို ဘောလုံးသမားအနေနဲ့ရော လူပုဂ္ဂိုလ်အနေနဲ့ပါ ကျွန်တော်အမြင့်ဆုံးသတ်မှတ်ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း နားလည်ပါတယ်။ သူက ကလပ်အသင်းရဲ့ ဂန္ထဝင်တစ်ယောက်ဖြစ်ပြီး အသင်းအတွက် အရာအားလုံး ပေးအပ်ခဲ့သူဖြစ်ပါတယ်။ အသင်းကလည်း သူ့ကို အရာအားလုံး ပေးအပ်ခဲ့ပါတယ်။ သူ ကောင်းမွန်ဖို့ ဆန္ဒပြုပါတယ်။ သူနဲ့ ဖြတ်သန်းခဲ့ရတဲ့ တစ်နှစ်တာအတွက် ကျွန်တော် ဂုဏ်ယူပါတယ်” ဟု ပြောကြားခဲ့သည်။