PSG အသင်း၏ ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ က ဘာပေနှင့် နေမာတို့သည် ပါရီသားများ ဖြစ်နေကြပြီဖြစ်ပြီး PSG အသင်းမှ ထွက်ခွာမည်မဟုတ်ဟု ပြောကြားခဲ့သည်။
အဆိုပါကစားသမားနှစ်ဦးသည် PSG အသင်းမှ ထွက်ခွာတော့မည်ဟု မကြာခဏ သတင်းထွက်နေသူများဖြစ်ပြီး PSG အသင်းအနေဖြင့် ၎င်းင်းတို့ကို ထိန်းသိမ်းနိုင်ရန် မလွယ်ကူဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေသော်လည်း အယ်လ်ခီလိုင်ဖီက အသင်းတွင် ဆက်ရှိမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဘာပေနဲ့ နေမာက ပါရီသားတွေ ဖြစ်နေပါပြီ။ သူတို့ PSG အသင်းမှာ အမြဲထာဝရဆက်ရှိသွားမှာပါ”ဟု အယ်လ်ခီလိုင်ဖီက ပြောကြားခဲ့သည်။
အယ်လ်ခီလိုင်ဖီသည် ယင်းကစားသမားနှစ်ဦး၏ အနာဂတ်နှင့်ပတ်သက်၍ လပေါင်းများစွာ ကြာမှ ပထမဆုံးအကြိမ် ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်ဆုဖလား မရရှိမချင်း ဘာပေနှင့် နေမာတို့ကို လက်လွှတ်ဖွယ်မရှိကြောင်း သုံးသပ်မှုများလည်းထွက်ပေါ်လာခဲ့သည်။
အယ်လ်ခီလိုင်ဖီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း “ဒါဟာ အလွန်ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုပါပဲ။ ဘာစီလိုနာကို ကျော်ဖြတ်ပြီး နောက်ဆုံး(၈)သင်းထဲ ရောက်ရှိတာဟာ သမိုင်းအဖြစ် ကျန်ရစ်မှာပါ”ဟု ပြောကြားခဲ့သည်။