လီဗာပူးဟာ ဆာလတ် ရဲ့ အင်တာဗျူး ထွက်လာပြီး နောက်ပိုင်း ၊ အဲဒီနေရာကို အရံသင့် အစားထိုးနိုင်ဖို့ အတွက် ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှုး ဘာပေ ကို စောင့်ကြည့်လာတဲ့ အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ ကတည်းက သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။
ဘာပေ ဟာ လက်ရှိမှာ ပီအက်စ်ဂျီ နဲ့ စာချုပ်သစ် ကိစ္စ မရေမရာ ဖြစ်နေတဲ့ ကစားသမား တစ်ယောက် ဖြစ်ပြီး ၊ ဒီရာသီ ကုန်လို့မှ သဘောတူညီမှု မရယူနိုင်ခဲ့ရင် ၊ နွေရာသီ အပြောင်းအရွှေ့မှာ ဈေးကွက်ထဲကို ရောက်ရှိလာနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။
ဒါကြောင့် သူ့ရဲ့ အနေအထားကို လီဗာပူး နဲ့ ရီးရဲ မက်ဒရစ် တို့က အပြိုင် နားစွင့်နေကြပါတယ်။
လီဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ဂျွန် ဘန်းကတော့ လက်ရှိလိုနေတာ ဘာပေ မဟုတ်ပဲ ခံစစ်မှုး တစ်ယောက် ဖြစ်တယ် ဆိုတဲ့ အကြောင်းကို အခုလို သတိပေးသွားခဲ့ ပါတယ်။
“ ဘာပေ ဟာ ကစားသမားကောင်း တစ်ယောက်ပါ ၊ ဒါပေမယ့် တိုက်စစ် နေရာက လီဗာပူး အတွက် အင်အားဖြည့်တင်းဖို့ မလိုသေးပါဘူး။ တကယ်လို့ ဘာပေဟာ ခံစစ်နေရာမှာလဲ ကစားတတ်တယ် ဆိုရင်တော့ ဇန်နဝါရီ ကာလမှာပဲ အရ ခေါ်ယူသင့်နေပါပြီ။
ပီအက်စ်ဂျီ ဘက်ကလဲ ဇန်နဝါရီ လို ကာလမျိုးမှာ သူတို့ ကစားသမားကို ရောင်းမှာတဲ့လား။
ရေတို အမြင်နဲ့ ကြည့်မယ် ဆိုရင် ဘာပေ ဟာ လီဗာပူး အတွက် အဖြေမဟုတ်ပါဘူး။ လီဗာပူး မှာ တိုက်စစ်စုဖွဲ့မှုက တောင့်တင်းပြီးသား ဖြစ်သလို ၊ ကွင်းလယ် ကစားသမားတွေလဲ အပြည့်ပါပဲ။ ဒါပေမယ့် ဗဟိုခံစစ် နေရာတွေ အတွက်တော့ တကယ်ကို ဆန်းစစ်ကြည့်ဖို့ ကောင်းနေပါပြီ။
လီဗာပူး အတွက် လောလောဆယ် လိုအပ်နေတဲ့ ကစားသမားက ထိပ်တန်း ကစားသမား ဟုတ်သည် ဖြစ်စေ ၊ မဟုတ်ဘူး ဖြစ်စေ အဓိက က အောင်မြင်မှု ဆာလောင်နေတဲ့ ကစားမျိုးပါပဲ။ အသင်းကို အခုမှ ရောက်လာပြီး ချက်ခြင်း အရေးပါချင်တဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။
ဥပမာ နေမာ လို ကစားသမားပေါ့။ ခြေစွမ်း အရ က ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ပါ ဒါပေမယ့် လီဗာပုူူး နဲ့ လုံး၀ မကိုက်ပါဘူး။ အသင်းမှာ ရှိတဲ့ ကစားသမားတွေ နဲ့လဲ လိုက်လျောညီထွေ ရှိမှာ မဟုတ်ပါဘူး။
ရီးရဲ မက်ဒရစ် လို ကြယ်စင်စု ကစားသမားတွေ ၊ အကောင်းဆုံး ကစားသမားတွေ မှ ရွေးခေါ်တဲ့ ကလပ်မျိုးကတော့ ကိုက်ပါတယ်။ ဒါပေမယ့် လီဗာပူး မှာတော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
ရေရှည် အမြင်နဲ့ ကြည့်လိုက်မယ် ဆိုရင် လီဗာပူးဟာ ဗဟို ခံစစ်အတွက် မဖြစ်မနေကို ဖြည့်တင်းရမှာပါ။ သူတို့ အတွက် ဟန်ဒါဆင်ဟာ ကွင်းလယ်မှာပဲ ကစားခိုင်းသင့်ပါတယ်။
ဒါပေမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမျိုးမှာတော့ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှုးတွေကို ရှာဝယ်ဖို့က တော်တော်လေး ခက်ပါတယ်။ အကောင်းဆုံး ကစားသမား အများစုဟာ ချန်ပီယံလိဂ် ပြိုင်ပွဲက အသင်းမျိုးတွေမှာပဲ ရှိကြတာပါ။
ပြီးတော့ လီဗာပူး လိုအပ်နေတဲ့ ခံစစ် ကစားသမားမျိုးကလဲ ဗန်ဒိုက် ပြန်ကောင်းလာရင် ၊ အဲဒီလို ကမ္ဘာ့အကောင်းဆုံး ခံစစ်မှုးနဲ့ အတွဲညီညီ ကစားပေးနိုင်တဲ့ ပါတနာမျိုးလေ။ ဆိုတော့ သူတို့ အနေနဲ့ အနည်းဆုံး ပေါင် သန်း 60 လောက် မသုံးပဲနဲ့တော့ မဖြစ်နိုင်ပါဘူး။
ကျနော့် အမြင်မှာတော့ ခံစစ်မှုး တစ်ယောက် ကို အားဖြည့်လိုက်တာက ပရီးမီးယားလိဂ် ချန်ပီယံဆု ကာကွယ်နိုင်ဖို့ အတွက် အခွင့်အလမ်း ပိုများလာနိုင်မယ် ထင်ပါတယ်။ သို့သော်လဲ အဲဒီ အချက်က အဆုံးအဖြတ် ပေးမယ့် ကိစ္စမျိုး မဟုတ်ပြန်ပါဘူး။ ခံစစ်မှုးတွေသာ ဒဏ်ရာက ပြန်လည် သက်သာသွားမယ် ၊ ဟန်ဒါဆင် ၊ ဖာဘင်ဟို တို့ကလဲ ကွင်းလယ် ကို ပြန်ရောက်သွားမယ် ဆိုရင် ၊ သူတို့ရဲ့ အင်အားက ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးပြနိုင်ပါသေးတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။