မနေ့ညက ဘာနေဗျူးကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၁ finalist မန်စီးတီးကို ဦးဆောင်ဂိုး အရင်သွင်းနိုင်ခဲ့ပေမယ့် ၊ ဒုတိယပိုင်းမှာ အငြင်းပွားဖွယ် ချေပဂိုးနဲ့ ပေးခဲ့ရကာ ၊ ဒုတိယအကျော့ အီတီဟတ်မှာ အကြိတ်အနယ် ထပ်မံ ကြိုးစားရဖို့ ရှိပါတယ် ။
ဒီပွဲမှာ ဧည့်သည်ဖက်က အဖွင့် ကစားပုံ ပိုကောင်းခဲ့ပြီး ၊ စီးတီး တိုက်စစ်ကစားသမားတွေဟာ ရီးရဲလ်မက်ဒရစ် ဂိုးသမား သီဘောက် ကော်တွိုက်စ်ရဲ့ ဂိုးပေါက်ကို ကြုံသလို ကန်သွင်းခဲ့ကြပြီး ၊ ထိုအထဲက အချို့ကို ယင်းဘယ်လ်ဂျီယမ်သား လက်စွမ်းပြ ကာကွယ်ခဲ့ရပါတယ် ။
သို့ပေမယ့် အဖွင့်ဂိုး ရသွားခဲ့တာက အိမ်ရှင် ဖြစ်ပြီး ၊ ဗင်နီးဆီးယပ်စ် ဂျူနီယာရဲ့ ပင်နယ်တီ ဧရိယာ ပြင်ပမှာ လှပတဲ့ အဆုံးသတ် ကန်ချက်နဲ့ အတူ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာ မက်ဒရစ်တို့ရဲ့ ပွဲထိန်းချုပ်ပုံ ကောင်းခဲ့ပေမယ့် ၊ ကယ်ဗင် ဒီဘရိုင်းရဲ့ wonderkick အဆုံးသတ်ဂိုးကိုတော့ တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး ။
ဒီဂိုး မတိုင်ခင် ကစားပုံ တည်တဲ့နေရာမှာ မန်စီးတီး တောင်ပံကစားသမား ဘာနာဒို ဆေးလ်ဗား ကွင်းဘေးစည်းကနေ မြောက်နေခဲ့တဲ့ ဘောလုံးကို ရှင်းထုတ်ခဲ့ပြီး ၊ ပွဲချိန် အတွင်း သာမန်မျက်စိနဲ့ ကြည့်ရင်တော့ ၄င်းရဲ့ ရှင်းထုတ်ပုံက အမှားအယွင်း မရှိခဲ့ဘူးလို့ ထင်ရပေမယ့် ၊ တကယ်တမ်းမှာ ဘောလုံးက စည်းကျော်နေခဲ့ပါတယ် ။
အဲဒီနောက် ပွဲပြီးခါနီး ဘန်ဇီမာ ၊ ချူဝါမန်နီတို့ရဲ့ တိကျတဲ့ အဆုံးသတ်တွေကို စီးတီး ဂိုးသမား အီဒါဆင် အံ့မခန်း လက်စွမ်းပြခဲ့တာကြောင့် လက်ရှိ ချန်ပီယံတို့ ဒီအဆင့်ကို ဦးဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး ။ ပွဲအပြီးမှာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာက ချေပဂိုးရှင် ဒီဘရိုင်း အပြင် ၊ နောက်ခံလူ ဝေါ်လ်ကာနဲ့ ဂိုးသမား အီဒါဆင်တို့ကို ချီးကျူးစကားဆိုခဲ့ပါတယ် ။
ဂွာဒီယိုလာ က ” ကယ်ဗင်ဟာ သူ ကျွန်တော်တို့ အတွက် ဘယ်လောက်ထိ အရေးကြီးလဲ ဆိုတာ သိပါတယ် ။ ဒီနေ့မှာ သူဟာ မတူညီတဲ့ အကြောင်းအရင်းများစွာနဲ့ အံ့သြဖွယ် စွမ်းဆောင်ရည် ပြသခဲ့ပါတယ် ။ ကျွန်တော် သူ့အတွက် ပျော်ရွှင်နေပါတယ် ။ ”
” ဒီနေ့လို ပွဲမျိုး ၊ ဒီပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ၊ ဖိုင်နယ်ပွဲတွေမှာ ခင်ဗျားဟာ ကိုယ့်ရဲ့ အကောင်းဆုံး ကစားသမားတွေကို လိုအပ်ပါတယ် ။ အီဒါဆင်နဲ့ ကိုင်လ် ဝေါ်လ်ကာတို့ဟာလည်း သူမတူအောင် ကောင်းခဲ့ကြပါတယ် ။ ခြုံပြောရရင်တော့ အသင်းသားတိုင်း တကယ် ခြေစွမ်းပြခဲ့ကြပါတယ် ။ ”
” ဒါဟာ တကယ် ဝေခွဲရခက်တဲ့ ပွဲတပွဲ ဖြစ်ပါတယ် ။ ပြိုင်ဖက်အသင်းကိုလည်း ဂုဏ်ပြုပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒီပြိုင်ပွဲရဲ့ သမိုင်းကြောင်း အစဉ်အလာအရရော ၊ ပိုင်ဆိုင်ထားတဲ့ အရည်အသွေးအရပါ အမြဲတမ်း ရင်ဆိုင်ရ ခက်ခဲလို့ပါပဲ ။ ”
” ကျွန်တော်တို့ ဒီနေ့ပွဲ အစကောင်းခဲ့ပြီး ၊ ကျွန်တော်တို့က ပိုပြီး ဖိကစားနေတဲ့အချိန် သူတို့ဟာ ကာမာဗင်ဂါဖက်ခြမ်းက ခံစစ်ကနေ တိုက်စစ်ဆီ အံ့သြဖွယ် အသွင်ပြောင်း ကစားပြခဲ့ပါတယ် ။ ပြိုင်ဖက်က ဒုတိယပိုင်း ကစားပုံ ပိုကောင်းတဲ့အခါမှာတော့ ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့ပါတယ် ။ ”
” အခုတော့ ဒီရလဒ်ကြောင့် မန်ချက်စတာမှာ တွေ့ဆုံမယ့်ပွဲက အကြိတ်အနယ် ရှိလာပါတော့မယ် ။ ဒါဟာ ကျွန်တော်တို့ ပရိသတ်တွေ အတွက် ဖိုင်နယ်ပွဲတပွဲ ဖြစ်လာမှာပါ ။ ဒီအတွက် ကျွန်တော်တို့ မျှော်လင့်စောင့်စားနေကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။