ဖီအိုရင်တီးနားအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်၏ အပြောင်းအရွှေ့အပေါ် ဝေဖန်သူများထဲတွင် ဖလောရင့် မြို့တော်ဝန် ဒါရီယိုနာဒယ်လာလည်း ပါဝင်လာကြောင်း သိရသည်။
ဒါရီယိုနာဒယ်လာက ဗလာဟိုဗစ်သည် ဂျူဗင်တပ်စ်အသင်းနှင့် ဆေးစစ်ဆေးမှုခံယူရန် ဖလောရင့်မြို့မှ တူရင်မြို့သို့ သွားရောက်ချိန်တွင် အီတလီအစိုးရ၏ ကိုဗစ်စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း Twitter ၌ ရေးသားခဲ့ခြင်းဖြစ်သည်။
ဒါရီယိုနာဒယ်လာက “ဗလာဟိုဗစ်က ဂျူဗင်တပ်စ်အသင်းနဲ့ ဆေးစစ်ဖို့အတွက် ဖလောရင့်ကနေခပ်မြန်မြန် ထွက်ခွာသွားတာဟာ အီတလီအစိုးရရဲ့ ကိုဗစ်စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုရင် တကယ့်ကို စိုးရိမ်စရာပါပဲ။ အီတလီချန်ပီယံကြီးက ဒီလိုလုပ်ရပ်မျိုး ကျူးလွန်တယ်တဲ့လား၊ ဘယ်လောက်စိတ်ပျက်စရာကောင်းသလဲ” ဟု အဓိပ္ပာယ်ရသည့် စာသားများရေးသား၍ ဝေဖန်ခဲ့ခြင်းဖြစ်သည်။
သို့သော် အီတလီဂျာနယ်လစ် ရိုမီယိုအက်ရက်စတီက ဗလာဟိုဗစ်သည် ဒေသခံကျန်းမာရေးတာဝန်ရှိသူများထံမှ ခွင့်ပြုချက်ရရှိပြီးမှသာ တူရင်မြို့သို့ သွားရောက်၍ ဂျူဗင်တပ်စ်အသင်းနှင့် ဆေးစစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။
အသက် (၂၂)နှစ်အရွယ်တိုက်စစ်မှူး ဗလာဟိုဗစ်သည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ ကိုဗစ် Positive ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားသူဖြစ်သည်။ အီတလီ အစိုးရ၏ စည်းမျဉ်းများအရ ကိုဗစ် Positive ဖြစ်ထားသူများသည် ရောဂါပျောက်ဆုံးပြီးနောက် (၇)ရက်အကြာတွင် ပြန်လည်စစ်ဆေးရမည်ဖြစ်ပြီး ယင်းသို့မစစ်ဆေးဘဲ ခရီးသွားလာပါက အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
သို့သော် ခြွင်းချက်အနေဖြင့် ဒေသခံကျန်းမာရေးတာဝန်ရှိသူများ၏ ခွင့်ပြုချက်ပါရှိပါက ခရီးသွားလာခွင့်ရှိနေသည်။ ဗလာဟိုဗစ်သည် ဂျူဗင်တပ်စ်အသင်းနှင့် အပြောင်းအရွှေ့ကိစ္စကို လျင်မြန်စွာပြီးဆုံးစေရန်အတွက် ဒေသခံကျန်းမာရေးတာဝန်ရှိသူများထံမှ ခွင့်ပြုချက်ရယူခဲ့ဖွယ်ရှိကြောင်း အီတလီမီဒီယာများက သုံးသပ်နေကြသည်။
လက်ရှိအချိန်တွင် ဗလာဟိုဗစ်ကို ဖီအိုရင်တီးနားအမာခံပရိသတ်များက အသက်အန္တရာယ်ခြိမ်းခြောက်နေသလို၊ ဖီအိုရင်တီးနားအသင်းပိုင်ရှင်ကော့မစ်ဆိုနှင့် ဒါရိုက်တာ ဂျိုးဘာရိုနီတို့လည်း ပြင်းထန်စွာဝေဖန်ခံနေရသည်။