မန်ယူအသင်းနှင့် ကာလအတန်ကြာ ကင်းကွာနေခဲ့ပြီးနောက် ပထမဆုံးအကြိမ် လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပြီး ဗယ်လက်ကာနိုနှင့် ခြေစမ်းပွဲတွင် ဝင်ရောက်ကစားခဲ့သည့် စီရော်နယ်လ်ဒိုသည် အသင်းကစားနေသည့် ပွဲစဉ်မပြီးမီ ပြန်သွားခဲ့သည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။
စီရော်နယ်လ်ဒိုသည် အသင်းမှ ထွက်ခွာလိုနေသူဖြစ်ပြီး အဲရစ်တန်ဟက်ဂ်လက်ထက် ခြေစမ်းပွဲများတွင် ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့ခြင်းဖြစ်သည်။
သူသည် ဒုတိယပိုင်းတွင် လူစားလဲခံခဲ့ရပြီးနောက် အသင်းမှ ထွက်သွားခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် နည်းပြ တန်ဟက်ဂ်၏ ခွင့်ပြုချက် ရှိ၊ မရှိကိုမူ အတိအကျ မသိရှိရသေးချေ။
အဲရစ်တန်ဟက်ဂ်သည် စီရော်နယ်လ်ဒိုအား လူငယ်ကြယ်ပွင့်ကစားသမား ဒီယယ်လိုနှင့် လူစားလဲခဲ့ခြင်းဖြစ်ပြီး စီရော်နယ်လ်ဒိုသည် မန်ယူအသင်း၏ ပွဲစဉ်ပြီးဆုံးခါနီးအချိန်တွင် ကွင်းပြင်၌ ဓာတ်ပုံရိုက်နေသည်ကို မြင်တွေ့ခဲ့ရသည်။
ပွဲအပြီးတွင် တန်ဟက်ဂ်က “ခြုံပြီးပြောရရင် ရာသီကြို ခြေစမ်းခရီးစဉ်အပေါ် ကျွန်တော် ကျေနပ်ပါတယ်။ တိုးတက်မှုကောင်းတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။