အက်စတွန်ဗီလာ တိုက်စစ်မှုးဟောင်း ဖြစ်သူ တိုနီကက်စ်ကာရီနိုက မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ ဒွန်နီဗန်ဒီဘိကို မခေါ်ယူမီ ၁၂ လ အလို ကတည်းက ယူရီတီလမန်းစ် ကို ခေါ်ယူ ခဲ့သင့်တယ်လို့ ဆိုလိုက်ပါတယ်။ ဗန်ဒီဘိဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့က အိုင်ယက် ကနေ မန်ယူနိုက်တက်ကို ပြောင်းရွေ့ကြေး ပေါင်သန်း ၄၀ နဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဟော်လန် လက်ရွေးစင်ဟာ အိုးထရပ်ဖို့ဒ်မှာ ပုံမှန် ကစားခွင့် ရဖို့ အတွက် ရုန်းကန် နေရပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ ပွဲထွက် ကစားခွင့် ရထား ခဲ့ပါတယ်။ တီလမန်းစ် ကတော့ လက်စတာစီးတီး အသင်းရဲ့ ကွင်းလယ်မှာ အဓိက ကစားသမား အဖြစ် ပါဝင် ကစားလျက် ရှိနေပါတယ်။ ဘယ်ဂျီယံ လက်ရွေးစင်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီက မိုနာကို ကနေ လက်စတာမှာ ၆ လ အငှား လာကစား ခဲ့တာ ဖြစ်ပြီး ဇူလိုင်လ မှာတော့ ကင်းပါဝါကို ပေါင်သန်း ၄၀ နဲ့ အပြီးသတ် ရောက်လာ ခဲ့သူ ဖြစ်ပါတယ်။
အဆိုပါ နွေရာသီမှာ ယူနိုက်တက်ဟာ တီလမန်းစ်ကို ခေါ်ယူဖို့ ရေပန်းစား ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ လက်စတာကို ရောက်သွား ခဲ့တာ ဖြစ်ပြီး ကတ်စ်ကာရီနိုက ဘယ်ဂျီယံ စတားကို ခေါ်ယူ နိုင်ခဲ့ခြင်းဟာ လက်စတာရဲ့ အတော် ကောင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါပေမယ့် ဗီလာ ကစားသမားဟောင်းက ယူနိုက်တက် အနေနဲ့ ကင်းပါဝါမှာ တီလမန်းစ် ခြေစွမ်းပြ ခဲ့ပြီးနောက် ၎င်းကို ခေါ်ယူဖို့ ကြိုးစား ခဲ့သင့်တယ်လို့ ဆိုခဲ့ပါတယ်။
ကတ်စ်ကာရီနိုက “လက်စတာမှာ အငှား ကစားခဲ့တဲ့ တီလမန်းစ်ကို ယူနိုက်တက်တို့ ခေါ်ယူ ခဲ့ရမှာပါ။ သူဟာ လက်စတာမှာ အငှား ကစားနေစဉ် အကောင်းဆုံး ကစား ပြခဲ့သူပါ။ နောက်ဆုံး မှာတော့ မန်ယူနိုက်တက်ဟာ ကွင်းလယ် နေရာ အတွက် အိုင်ယက်မှ ဗန်ဒီဘိကို ဒီပြောင်းရွေ့ကြေးနဲ့ပဲ ခေါ်ယူ သွားခဲ့ပါတယ်။
တီလမန်းစ်ဟာ ၂၀၁၉ နွေရာသီက available ဖြစ်နေ ခဲ့ပါတယ်။ လက်စတာဟာ နောက်ဆုံး မှာတော့ သူ့ကို အပြီးသတ် ခေါ်ယူ နိုင်ခဲ့ပါတယ်။ ဒါဟာ အရမ်း ကောင်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ တကယ် ကောင်းတဲ့ ကစားသမား ဖြစ်လို့ပါပဲ။ ဝယ်ဖရိုင်း အန်ဒီဒီ နဲ့ အတူ ဒီအတွဲဟာ အရမ်းကို ပြီးပြည့်စုံသွား ပါတယ်။ အဲဒီအချိန်တုန်းက ယူနိုက်တက် အပါအဝင် ထိပ်တန်း ကလပ်တွေဟာ သူ့ကို ခေါ်ယူဖို့ အတွက် ဘာကြောင့် မကြိုးပမ်း ခဲ့သလဲ ဆိုတာ ကျွန်တော် သိချင်ခဲ့ပါတယ်။
သူတို့ဟာ ကစားသမားရဲ့ ပြောင်းရွေ့ကြေးကို သိထားပြီး ဖြစ်တဲ့ အပြင် ပရီးမီးယားလိဂ်မှာ အငှား လာရောက် ကစားခဲ့စဉ် သူ့ရဲ့ ခြေစွမ်း ကိုလည်း မြင်တွေ့ ခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ လက်စတာဟာ သူ့အတွက် မိုနာကိုနဲ့ ပြောင်းရွေ့ကြေး ညှိနှိုင်းကာ အပြီးသတ် ခေါ်ယူ သွားနိုင်ခဲ့ ပါတယ်။
လက်စတာ အနေနဲ့ တီလမန်းစ်ကို ခေါ်ယူဖို့ မလွယ်ကူလောက်ဘူးလို့ ကျွန်တော် တွေးခဲ့ပါတယ်။ သူ့ကို မန်ယူနိုက်တက် ဒါမှမဟုတ် အခြား ထိပ်တန်း အသင်းကြီး တွေပဲ ခေါ်ယူဖို့ ကြိုးစား သွားလောက်တယ် ဆိုပြီး ကျွန်တော် တွေးခဲ့ပါတယ်။ နောက်ဆုံး မှာတော့ လက်စတာဟာ အကောင်းဆုံး ကစားသမား ခေါ်ယူမှုကို လုပ်သွား ခဲ့ပါတယ်။” လို့ ပြောလိုက် ပါတယ်။
ယူနိုက်တက် နည်းပြ အိုလီဂန်နာဆိုးရှား ကတော့ ဗန်ဒီဘိရဲ့ အိုးထရပ်ဖို့ဒ် ကစားသမား ဘ၀ အစ ရုန်းကန်ရမှုတွေနဲ့ ပက်သက်ပြီး ရှင်းလင်း ခဲ့ပါတယ်။ နော်ဝေး နည်းပြ လိဂ်အသစ် ၊ အသင်းသစ်ကို ရောက်လာတဲ့ ကစားသမား တစ်ဦး အနေနဲ့ အထိုင်ကျဖို့ အချိန်ယူ ရတယ် ဆိုတာ သာမန် အခြေအနေ ဖြစ်တယ်လို့ ဆိုသွားပါတယ်။
ဆိုးရှားက “ကျွန်တော် သူနဲ့ ပက်သက်တဲ့ မေးခွန်းတွေကို အကြိမ်ပေါင်း များစွာ ဖြေကြား ခဲ့ပြီးပါပြီ။ အရည်အသွေးမြင့် ကစားသမားတွေ အသင်းသစ်မှာ အထိုင်ကျဖို့ အချိန် အနည်းငယ် လိုအပ်တဲ့ ဥပမာတွေ အများကြီး ရှိပါတယ်။ အခြား ကလပ်တွေမှာလည်း ဒီလို ဥပမာတွေ ရှိပါတယ်။ တစ်ခါတစ်ရံ အချိန်ယူ ရတက်ပါတယ်။ ကျွန်တော် သူ့ကို ထပ်တလဲလဲ စကား ပြောခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို ဘယ်လို တန်ဖိုး ထားသလဲ ဆိုတာ သူ့ကို သိစေခဲ့ပါတယ်။” လို့ ရှင်းပြ လိုက်ပါတယ်။