ဟော်လန် လက်ရွေးစင် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်သူ မာကို ဗန် ဘက်စ်တန်က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွဲထွက် ကစားခွင့်တွေ ပျောက်ဆုံးနေခဲ့တဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ် ဟာ ထင်သလောက် ကောင်းသူ မဟုတ်ကြောင်း ခါသီးတဲ့ မှတ်ချက်ပေးစကား ပြောခဲ့လိုက် ပါတယ် ။
နယ်သာလန် လက်ရွေးစင် အသင်းရဲ့ ကွင်းလယ်လူ ဖြစ်တဲ့ ဒွန်နီ ဗန်ဒီ ဘိခ် ဟာ အေဂျက်စ် မှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့လာကတည်းက ပုံမှန် ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခဲ့သူ ဖြစ်ခဲ့ပြီး ဒီနှစ်မှာတော့ အရံခုံပေါ်မှာပဲ အချိန်တွေ ကုန်ဆုံးနေခဲ့ရ ပါတယ် ။
ဗန်ဒီ ဘိခ် ဟာ အေဂျက်စ် အသင်းအတွက် ကစားပေးခဲ့စဥ်တုန်းက ချန်ပီယံလိဂ် ဖိုင်နယ် အထိ တက်လှမ်းအောင် အသင်းကို ကူညီပေးနိုင်ခဲ့ပေမဲ့ ဗန် ဘက်စ်တန် ကတော့ သူ့ရဲ့ အရည်အသွေးတွေက နယ်သာလန် ပြည်တွင်းလိဂ်မှာပဲ အဆင်ပြေနိုကြောင်း မှတ်ချက်ပေးခဲ့လိုက်ပါတယ် ။
” ဒါဟာ ဥာဏ်ကောင်းတဲ့ ရွေးချယ်မှု တစ်ခု မဖြစ်ခဲ့ရပါဘူး ။ အကယ်လို့ ခင်ဗျားဟာ ရီးယဲ မက်ဒရစ် အသင်း နဲ့ စကားပြောနေတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ လုပ်နေတယ်လို့ပြောရင် ဒါဟာ တကယ့် အမြင့်ကို ခုန်တက်ခြင်း ဖြစ်နေပါလိမ့်မယ် ”
” ဗန်ဒီ ဘိခ်က အဲ့လောက် မကောင်းပါဘူး ။ အေဂျက်စ် အသင်းမှာ နံပါတ် 10 အဖြစ် ကစားရတာက အင်္ဂလန် ၊ စပိန် လိဂ်တွေမှာ နံပါတ် 10 အဖြစ် သွားကစားရတာထက် အများကြီး လွယ်ကူလှပါတယ် ”
” နယ်သာလန်မှာ ဆိုရင် ခင်ဗျားဟာ အကူအညီတွေ အများကြီိးရမယ် ၊ အခွင့်အရေးတွေလည်း အများကြီး ရရှိနေပါလိမ့်မယ် ။ ဒါပေမဲ့ နိုင်ငံရပ်ခြားမှာတော့ ဒီလိုမျိုး မဟုတ်ပါဘူး ” လို့ ဗန် ဘက်စ်တန် က ထိုးနှက် သွားခဲ့လိုက််ပါတယ် ။
ဒါကို ဗန်ဒီ ဘိခ် ရဲ့ အေးဂျင့် ဂွီဒို အဲလ်ဗာ့တ် က ဒီနှစ် သူ့ရဲ့ ကစားသမား ဖြစ်သူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲစဥ်တွေ အများကြီး ကစားခွင့် ရနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့တဲ့နောက် ဗန် ဘက်စ်တန် က အခုလို ဝေဖန် သွားခဲ့တာပဲ ဖြစ်ပါတယ် ။
” ဒီနှစ် ဆိုးလ်ရှား နဲ့ ပြောခဲ့တဲ့ စကားတွေ အရ ပြီးခဲ့တဲ့ ရာသီ နဲ့ ယှဥ်ရင် ဒီနှစ် ကစားခွင့် ပိုရလိမ့်မယ်လို့ ရှင်းရှင်း လင်းလင်း သိခဲ့ရ ပါတယ် ။ အခုတော့ ဒွန်နီဟာ သူ့ရဲ့ အခွင့်အရေးတွေကို သေချာပေါက် ရနိုင်လိမ့်မယ်လို့ အပြည့်အဝ မျှော်လင့်လို့ ရနေပါပြီ ”
” ဒွန်နီဟာ ဒီနွေမှာ အရမ်းကို အလုပ်တွေ ကြိုးစားနေခဲ့ပါတယ် ။ သူဟာ အားလပ်ရက် 7 ရက်ပဲ ရယူခဲ့ပါတယ် ။ ဒီနွေ တစ်ခုလုံး သူဟာ လုံးဝ ကြံ့ခိုင်နေဖို့ပဲ ကြိုးစား အားထုတ််ခဲ့ ပါတယ် ။ အခုတော့ သူဟာ အပြည့်အဝ အဆင်သင့် ဖြစ်နေပါပြီ ” လို့ ဂွီဒို အဲလ်ဗာ့တ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။