ရီးယဲလ်အသင်း၏ ကစားသမားဟောင်း မာဆယ်လိုက လက်ရှိကလပ် ဖလူမင်နိစ်အသင်းနှင့် ရရှိခဲ့သည့် ကိုပါလီဘာတာဒိုးစ်ချန်ပီယံဆုသည် ရီးယဲလ်အသင်းတွင် ရရှိခဲ့သည့် ချန်ပီယံလိဂ်ဖလားများထက် ပိုမိုတန်ဖိုးကြီးမားသည်ဟု ပြောကြားခဲ့သည်။
ငယ်ဘဝအသင်းဟောင်းတွင် ပြန်လည်ကစားနေသည့် မာဆယ်လိုက ”ရီးယဲလ်အသင်း နားလည်မှာပါ။ ကလပ်အသင်းအဆင့်မှာ ဒါက ကျွန်တော့်အတွက် အရေးအပါဆုံးချန်ပီယံဆုပါ။ ဒီအသင်းက ကျွန်တော့်ကို အရာအားလုံးတပ်ဆင်ပြီး ပျိုးထောင်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ ဖေးဘရိတ်အသင်းပါ”ဟု ပြောကြားခဲ့သည်။
မာဆယ်လို(၃၅ နှစ်)သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အိုလံပီယာကော့စ်အသင်းနှင့် စာချုပ်ဖျက်သိမ်းကာ ဖလူမင်နိစ်အသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်ဖလားနှင့် ကိုပါလီဘာတာဒိုးစ်ဖလား နှစ်မျိုးစလုံးရယူနိုင်သည့် (၁၅)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။