PSG အသင်း၏ အဓိက ကစားသမားများဖြစ်သည့် တိုက်စစ်မှူး နေမာ၊ ကွင်းလယ်လူ ဗာရက်တီနှင့် နောက်ခံလူ ကင်ပမ်ဘေ တို့သည် ပွဲပယ်နှင့် ဒဏ်ရာပြဿနာများကြောင့် ပြင်သစ်ဖလား ဗိုလ်လုပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မောင့်ပယ်လီယာအသင်းနှင့် ကစားသည့် ဆီမီးဖိုင်နယ်ပွဲတွင် ဒုတိယပိုင်း ၈၆ မိနစ်မှသာ လူစားလဲဝင်ရောက်ကစားခဲ့သော်လည်း မိနစ် ၉၀ တွင် အဝါကတ်ပြခံခဲ့ရသည်။
ယင်းပွဲတွင် မောင့်ပယ်လီယာနှင့် PSG အသင်းတို့ မိနစ် ၉၀ အတွင်း နှစ်ဂိုးစီ သရေကျနေသဖြင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး PSG အသင်းက (၆-၅) ဂိုးဖြင့် အနိုင်ရကာ နေမာက ငါးလုံးမြောက်ပယ်နယ် တီကို အမှားအယွင်းမရှိ ကန်သွင်းယူခဲ့သည်။
သို့သော် နေမာသည် ယင်းပွဲမှ အဝါကတ်ပြစ် ဒဏ်ကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်ရာ မေ ၁၉ ရက်တွင် မိုနာကိုအသင်းနှင့် ကစားမည့် ဗိုလ်လုပွဲကို လွဲချော်မည်ဖြစ်သည်။ ၎င်း၏ပြစ်ဒဏ်အတွက် အယူခံဝင်ခွင့်ရှိသော ကြောင့် PSG အသင်းအနေဖြင့် ဗိုလ်လုပွဲ မတိုင်မီ အယူခံဝင်ဖွယ်ရှိကြောင်းလည်း သိရသည်။
ထို့ပြင် ဒဏ်ရာပြဿနာရှိနေသည့် ဗာရက်တီနှင့် ကင်ပမ်ဘီတို့နှစ်ဦးလည်း ဗိုလ်လုပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ PSG အသင်းသည် ပြင်သစ်ဖလားပြိုင်ပွဲတွင် ၁၃ ကြိမ်ဗိုလ်စွဲကာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပြီး မိုနာကိုအသင်းက ငါးကြိမ် ဗိုလ်စွဲထားသည်။