ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ပွဲစဉ်(၂၃)အပြီးတွင် ပြီးခဲ့သည့်ရာသီနှင့် နှိုင်းယှဉ်ပါက လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းသည် အမှတ်အလျော့ဆုံးဖြစ်နေပြီး (၂၇)မှတ်အထိ လျော့နည်းခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်ရာသီက ပွဲစဉ်(၂၃) အပြီးတွင် (၆၇)မှတ်အထိ ရယူနိုင်ခဲ့သော်လည်း လက်ရှိရာသီတွင်မူ အမှတ်(၄၀)သာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ယခုနှိုင်းယှဉ်မှုကို ပြုလုပ်ဖော်ပြခဲ့သည့် The Sun သတင်းစာက လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်၏လက်ရှိချန်ပီယံများထဲတွင် အမှတ်လျော့ကျမှု အများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းနှင့် ယခုအချက်မှာ ယာဂန်ကလော့ပ်၏ လီဗာပူးလ်အသင်း ရုန်းကန်နေရခြင်းကို ထင်ရှားစေသည့် သက်သေပြချက်တစ်ခု ဖြစ်သည်ဟုလည်း ဆိုခဲ့သည်။
ပြီးခဲ့သည့်ရာသီနှင့် နှိုင်းယှဉ်ပါက ယခုရာသီတွင် တိုးတက်မှုအရှိဆုံးအသင်းမှာ ဝက်စ်ဟမ်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီကထက် (၁၆)မှတ် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။
ထိပ်သီးအသင်းများထဲ၌ အမှတ်မြင့်တက်မှု အများဆုံးအသင်းမှာ မန်ယူအသင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီကထက် (၁၁)မှတ် ပိုမိုရရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဦးဆောင်နေသည့် မန်စီးတီးအသင်းမှာလည်း ပြီးခဲ့သည့်ရာသီထက်(၃)မှတ်ပိုမိုရရှိခဲ့သည်။
The Sun ၏ ဖော်ပြမှုအရ ပြီးခဲ့သည့်ရာသီထက် ယခုရာသီတွင် အမှတ်ပိုမိုရရှိသည့်အသင်း (၈)သင်းရှိခဲ့ပြီး အမှတ်လျော့ကျခဲ့သည့်အသင်းမှာ (၇)သင်းရှိခဲ့ကြောင်း သိရသည်။