၂၀၂၁-၂၂ ဘောလုံးရာသီ ပြင်သစ်လိဂ်အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင်ငါးဦးစာရင်း ထုတ်ပြန်ရာတွင် PSG အသင်းမှ နာမည်ကျော်ကစားသမားများဖြစ်သည့် မက်ဆီနှင့် နေမာတို့ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။
၎င်းတို့နှစ်ဦးသည် ယခုဘောလုံးရာသီတွင် မျှော်လင့်ထားသကဲ့သို့ ခြေစွမ်းပြနိုင်ခြင်းမရှိသောကြောင့် PSG အသင်းပရိသတ်များ၏လှောင်ပြောင်မှုများနှင့်ပင် ရင်ဆိုင်ခဲ့ရသည်။ ဆန်ခါတင်ငါးဦးစာရင်းတွင် ဘာပေ (PSG)၊ ပါယက်(မာဆေးလ်)၊ ဘင်ယက်ဒါ (မိုနာကို)၊ ပါကေတာ(လိုင်ယွန်)နှင့် တယ်ရီယာ(ရန်းစ်)တို့ ပါဝင်ခဲ့ပြီး ဘာပေမှာ အဆိုပါအကောင်းဆုံးဆုကို သုံးကြိမ်ဆက်တိုက်ဆွတ်ခူးရရှိရန် အပြတ်အသတ်ရေပန်းစားနေကြောင်း သိရသည်။
ဘာပေသည် ယင်းဆုကို ၂၀၁၈-၁၉၊ ၂၀၂၀-၂၁ ရာသီများကလည်း ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၉-၂၀ ရာသီတွင်မူ ပြင်သစ်လိဂ်ပြိုင်ပွဲကို COVID-19 ကပ်ဘေးကြောင့် ရာသီပြီးဆုံးသည်အထိ ကျင်းပနိုင်ခြင်းမရှိသောကြောင့် ဆုချီးမြှင့်ခြင်းမရှိဘဲ ဖျက်သိမ်းခဲ့သည်။

ယခုဆန်ခါတင်စာရင်းတွင် ယခင်ဆုရရှိဖူးသူအဖြစ် ဘာပေတစ်ဦးသာ ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နွေရာသီတွင် ဘာစီလိုနာအသင်းမှ ပြောင်းရွှေ့လာသည့် မက်ဆီအတွက် ယခုဆန်ခါတင်စာရင်း၌ ပါဝင်လာခြင်းမရှိသည်မှာ အံ့အားသင့်စရာမဟုတ်ဟုလည်း သတင်းများက သုံးသပ်ခဲ့သည်။
မက်ဆီအနေဖြင့် ယခုရာသီတွင် လိဂ်ပွဲ ၂၃ ပွဲသာ ကစားထားခဲ့ပြီး လေးဂိုးသာ သွင်းယူနိုင်သောကြောင့် ၂၀၀၄-၀၅ ရာသီကတည်းက သူ့အတွက် လိဂ်သွင်းဂိုးလေးဂိုးသာ သွင်းယူထားနိုင်သဖြင့် သွင်းဂိုးအနည်းဆုံးရာသီလည်း ဖြစ်နေသည်။ မက်ဆီသည် လာလီဂါတစ်နှစ် တာအကောင်းဆုံးဆုများကို စတင်ချီးမြှင့်ခဲ့သည့် ၂၀၀၈-၀၉ ရာသီကတည်းက ပြည်တွင်း အကောင်းဆုံးဆု ဆန်ခါတင်စာရင်း၌ ရာသီတိုင်းပါဝင်ခဲ့ပြီးနောက် ယခုဖြစ်ရပ်မှာ ပထမဆုံးအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီအနေဖြင့် လာလီဂါအကောင်းဆုံးဆု ၁၃ ကြိမ်တွင် ကိုး ကြိမ်အထိ ရယူနိုင်ခဲ့ကြောင်း သိရသည်။ နေမာမှာလည်း ယခုရာသီပြိုင်ပွဲစုံတွင် ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဘာပေမှာမူ ပြိုင်ပွဲစုံ ၄၃ ပွဲတွင် ၃၅ ဂိုး သွင်းယူနိုင်သည်အထိ ခြေ စွမ်းပြခဲ့သည်။