ဂျူဗင်တပ်စ်အားကစားဒါရိုက်တာ ပါရာတီချီက မိမိတို့အသင်းသည် ကစားသမားဟောင်း ပေါ့ဘာကို လွန်စွာနှစ်သက်သော်လည်း လက်ရှိထွက်ပေါ်နေသော အပြောင်းအရွှေ့သတင်းများနှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မျှမပေးလိုကြောင်း မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
ပေါ့ဘာ၏ အေးဂျင့်ဖြစ်သူ ရိုင်အိုလာက မိမိကစားသမားသည် မန်ယူအသင်းတွင် မပျော်ရွှင်တော့ဘဲ အသင်းမှ ထွက်ခွာလိုနေသည်ဟု ပြီးခဲ့သည့်တနင်္လာနေ့က အတိအလင်းထုတ်ဖော်ခဲ့ရာ ပေါ့ဘာ၏ အပြောင်းအရွှေ့သတင်းများ လှုပ်ခတ်လာခဲ့သည်။
သို့ဖြစ်ရာ ပေါ့ဘာ၏ အသင်းဟောင်းဖြစ်ပြီး အေးဂျင့် ရိိုင်အိုလာနှင့်လည်း ဆက်ဆံရေးကောင်းမွန်သည့် ဂျူဗင်တပ်စ်အသင်းက ပေါ့ဘာကို ပြန်လည်ခေါ်ယူရန် ရေပန်းစားနေခြင်းဖြစ်သည်။
အီတလီရုပ်သံ Sport Mediaset က ပေါ့ဘာအား ဂျူဗင်တပ်စ်အသင်းက ခေါ်ယူမည်လားဟု မေးမြန်းခဲ့ရာ ပါရာတီချီက ”ဒါက သင့်လျော်တဲ့ မေးခွန်းမဟုတ်ပါဘူး။ သူ့ကို ခေါ်မယ်ဆိုရင်တော့ ငွေကုန်ကြေးကျ အတော်များမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့ကို ကျွန်တော်တို့ များစွာနှစ်သက်ပါတယ်။ သူက ဂရိတ်ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာကိုလည်း သိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူက မန်ယူကစားသမားတစ်ယောက် ဖြစ်နေဆဲပါ”ဟု ဖြေကြားခဲ့သည်။